Skip to main content

ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်းကို ပြန်လည်စဉ်းစားခြင်း | ဒဿနဆုံရပ်
ဒဿနဆုံရပ် စကားဝိုင်းအကျဉ်းချုပ်

ခွင့်လွှတ်ခြင်းကို ပြန်လည်စဉ်းစားခြင်း

ခွင့်လွှတ်ခြင်းကို စာရိတ္တကောင်းမြတ်မှုတခုအဖြစ်သာ မယူဆဘဲ နစ်နာမှု၊ အာဏာ၊ မှတ်ဉာဏ်၊ အဖွဲ့အစည်းနှင့် သမိုင်းတို့ဆုံရာက နိုင်ငံရေးမေးခွန်းတခုအဖြစ် လေ့လာခြင်း။

၀၁ / လေ့လာစရာ

ခွင့်လွှတ်ခြင်းကို ဘာကြောင့် လေ့လာရသလဲ

စကားလုံးတလုံးတည်း ဖြစ်သော်လည်း လူတိုင်းသည် အဓိပ္ပာယ်တူညီစွာ မသုံးကြပါ။ ကရုဏာ၊ ငြိမ်းချမ်းရေး၊ စိတ်လွတ်မြောက်မှုနှင့် တည်ငြိမ်ရေးတို့သည် တခါတရံ တူညီသောစကားလုံးအောက်တွင် ဆုံနေကြသည်။

ခွင့်လွှတ်ခြင်းဆိုတာ လူမှုဘဝနဲ့ နိုင်ငံရေးထဲမှာ အများဆုံး အသုံးပြုတဲ့ စကားလုံးတွေထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ အနက်အဓိပ္ပာယ်ကိုတော့ လူတိုင်း တူညီတဲ့ နားလည်မှုနဲ့ အသုံးပြုနေကြတာ မဟုတ်ပါဘူး။

  • ကျူးလွန်သူများအတွက် အပြစ်မှ လွတ်မြောက်ဖို့ နည်းလမ်း ဖြစ်လာနိုင်တယ်။
  • အာဏာရှိသူများအတွက် လူမှုရေးတည်ငြိမ်မှု ထိန်းထားဖို့ ကိရိယာ ဖြစ်လာနိုင်တယ်။
  • နစ်နာသူများအတွက် အကြမ်းဖက်မှုကို ဖုံးကွယ်ပေးတဲ့ စကားလုံးလို့ မြင်နိုင်တယ်။
၀၂ / အုတ်မြစ်များ

နားလည်မှုအုတ်မြစ် ၃ ခု

ခွင့်လွှတ်ခြင်းသည် ဘက်မလိုက်၊ အရောင်ကင်း၊ အပြစ်မရှိသော စင်းလုံးချောကောင်းမြတ်မှုတခု မဟုတ်ပါ။ အောက်ပါအချက်သုံးခု ဆုံရာတွင် တည်ဆောက်နေသည်။

ကိုယ်ကျင့်တရားဆိုင်ရာ နစ်နာမှု

လူတယောက်ရဲ့ dignity ကို ဖောက်ဖျက်တဲ့ လုပ်ရပ်တွေကြောင့် အတွင်းစိတ်ဒဏ်ရာ ဖြစ်တတ်ပါတယ်။ ဒီဒဏ်ရာဟာ ပစ္စည်းဆုံးရှုံးမှုထက် ပိုပြီး ကိုယ်တန်ဖိုးအပေါ် ထိခိုက်တတ်ပါတယ်။

အာဏာ မညီမျှမှု

ခွင့်လွှတ်ခြင်းကို ပြောနေသူများသည် အခြေအနေတူ မဟုတ်ကြပါ။ တချို့တွင် အာဏာနှင့် အရင်းအမြစ်ရှိပြီး တချို့တွင် အသံပင် မရှိနိုင်ပါ။ ထို့ကြောင့် ခွင့်လွှတ်ခြင်းသည် ကိုယ်ကျင့်တရားအပြင် အာဏာဆက်ဆံရေးလည်း ဖြစ်သည်။

မှတ်ဉာဏ်

ခွင့်လွှတ်ခြင်းဆိုတာ အတိတ်ကို ဖျက်ပစ်ခြင်း မဟုတ်ပါ။ အမှားအယွင်း၏ မှတ်ဉာဏ်နှင့် လူ့အသိုက်အဝန်းသည် အနာဂတ်တွင် ဘယ်လို ပြန်လည်ဆက်ဆံမလဲဆိုသည့် မေးခွန်းဖြစ်သည်။

မေ့လိုက်မလားမှတ်ထားမလားအနာဂတ်လမ်း ဖွင့်မလား
၀၃ / ရှုထောင့်များ

ခွင့်လွှတ်ခြင်းကို ကြည့်နိုင်သည့် ရှုထောင့် ၅ လွှာ

မေးခွန်းတခုတည်းကို အလွှာပြောင်းကြည့်သည့်အခါ အဖြေကလည်း ပြောင်းသွားနိုင်သည်။ ဒီမော်ဒယ်က အဖြေတခုတည်း မပေးဘဲ မေးခွန်း၏ တည်နေရာကို ရှင်းစေသည်။

စာရိတ္တစည်းဘောင်၊ အမှန်နှင့်အမှား

ဒီအလွှာမှာ ခွင့်လွှတ်ခြင်းကို ရပ်တည်ချက် တခုအနေနဲ့ ကြည့်ပါတယ်။

အဓိကမေးခွန်း: လူတယောက်ဟာ ခွင့်လွှတ်သင့်သလား။ ခွင့်လွှတ်တာဟာ ပိုမြင့်မြတ်သလား။

တင်းမာမှု: “Mercy mirroring Divine mercy” နှင့် “Accountability first” တို့ကြား အားပြိုင်မှု။

“မြန်မာ့ယဉ်ကျေးမှုမှာ ခွင့်မလွှတ်ခင် သည်းခံတာ အရင်လာတယ်။ အရင်သည်းခံတယ်၊ ပြီးမှ ခွင့်လွှတ်တယ်။”

လက်တွေ့ဘဝထဲက အတိမ်အနက်များ

ဒီအလွှာမှာ ခွင့်လွှတ်ခြင်းဟာ အယူအဆမဟုတ်ဘဲ ခံစားချက်နှင့် လုပ်ငန်းစဉ် ဖြစ်လာပါတယ်။

အဖြူအမည်းမဟုတ်သောအရှိတရား: ခွင့်လွှတ်ခြင်းသည် တခါတည်း ပြတ်သွားတာမဟုတ်ဘဲ တက်လိုက်ကျလိုက် ဖြစ်တတ်သည်။

ဒဏ်ရာနှင့် ဖိအား: Healing ဆိုတဲ့ခေါင်းစဉ်အောက်မှာ နစ်နာသူတွေကို အဆင်သင့်မဖြစ်သေးခင် ခွင့်လွှတ်ဖို့ ဖိအားပေးခံရနိုင်သည်။

“ခွင့်လွှတ်ခြင်းဆိုတာ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ဘာခံစားချက်မှ မရှိတော့တာပဲ။ ကိုယ်က ဒီဇာတ်လမ်းထဲမှာ မရှိတော့သလိုမျိုးပဲ။”

ဘယ်သူ အကျိုးရသလဲ

ဒီအလွှာမှာ ခွင့်လွှတ်ခြင်းဟာ နိုင်ငံရေး ဖြစ်လာပါတယ်။

အာဏာဆက်ဆံရေး: အစွန်အဖျားရောက်သူတွေကို လူမှုရေးတည်ငြိမ်ရေးအတွက် ခွင့်လွှတ်ဖို့ တိုက်တွန်းခြင်းသည် pacification ဖြစ်သွားနိုင်သည်။

တွက်ချက်မှု: လက်တုံ့ပြန်ဖို့ အင်အားမရှိတဲ့အခါ ခွင့်လွှတ်ဟန် ဆောင်ရတာမျိုးလည်း ရှိနိုင်သည်။

“ဘေးကလူတွေက ဝင်ပြီး ‘ခွင့်လွှတ်ပါတယ်’ လို့ ပြောကြသေးတယ်။ တကယ်နစ်နာတဲ့ မောင်ဖြူကတော့ ခွင့်မလွှတ်ရသေးဘူး။”

စနစ်နှင့် အဖွဲ့အစည်းများ

ဒီအလွှာမှာ ခွင့်လွှတ်ခြင်းဟာ ဗျူရိုကရေစီနှင့် စီမံခန့်ခွဲမှု ဖြစ်လာပါတယ်။

ယန္တရားများ: အမှန်တရားရှာဖွေရေးကော်မရှင်များ၊ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေများနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များသည် ခွင့်လွှတ်ခြင်းကို အဖွဲ့အစည်းဆိုင်ရာ ဆုံးဖြတ်ချက်အဖြစ် ပြောင်းလဲသည်။

တင်းမာမှု: လူတဦးချင်းကုစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အမြဲတမ်း ထပ်တူမကျနိုင်ပါ။

“နိုင်ငံရေးဘောင်ထဲမှာ လုပ်မယ်ဆိုရင် ‘ခွင့်လွှတ်ခြင်း’ ကိုတောင် ‘ဥပဒေအရ ပြစ်ဒဏ်ပေးခြင်း’ အဖြစ် ပြောင်းလဲစီမံတာမျိုး ဖြစ်လာနိုင်တယ်။”

သမိုင်းကြောင်းအတွင်းက ရွေးချယ်မှုများ

ဒီအလွှာမှာ ခွင့်လွှတ်ခြင်းကို သမိုင်းကြောင်းအရ ဖွဲ့စည်းလာသော အယူအဆ အဖြစ် ကြည့်ပါတယ်။

ဆင့်ကဲပြောင်းလဲမှု: ခွင့်လွှတ်ခြင်းကိုယ်တိုင်က လူမှုရေးအရ ပုံဖော်ထားတာဖြစ်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနေသည်။

အနာဂတ်အတွက်: “ခွင့်လွှတ်ခြင်း / ခွင့်မလွှတ်ခြင်း” ဆိုတဲ့ ပုံစံခွက်နှစ်ခုထက် ပိုကောင်းတဲ့ ဘောင်အသစ်တခုကို ရှာဖွေရန် လိုသည်။

“ပုံစံခွက်နှစ်ခုလုံးကို အသေအချာ ပြန်သုံးသပ်ပြီး ဘောင်အသစ်တခု ဆွဲရမယ်။ အဲဒီလိုလုပ်မှ လူ့အသိုက်အဝန်းအတွက် ကောင်းတဲ့အရာတခု ရနိုင်မယ်။”

မေးသင့်သည့် မေးခွန်းကောင်း

ခွင့်လွှတ်ခြင်းကို ဘယ်အလွှာကနေ စကားပြောနေသလဲ မရှင်းလင်းရင် ရှုပ်ထွေးမှုတွေပဲ ဖြစ်လာမယ်။ ကိုယ်ကျင့်တရားအရ ပြောနေတာလား၊ အတွေ့အကြုံအရလား၊ နိုင်ငံရေးအရလား၊ အဖွဲ့အစည်းအရလား ဆိုတာ အရင်ခွဲသိဖို့လိုပါတယ်။

“မိမိတို့ ခွင့်လွှတ်သင့်သလား” ဆိုတာထက်၊ ဘယ်လိုအခြေအနေမျိုးမှာလဲ၊ ဘယ်သူ့ရဲ့ အဖိုးအခနဲ့လဲ၊ ဘယ်လို အာဏာဩဇာတည်ဆောက်မှုအတွင်းမှာလဲ ဆိုတာကို မေးရမယ်။
၀၄ / ဒဿနဆုံရပ်

အဖြေသေတခုထက် မေးခွန်း၏ နောက်ခံကို စစ်ဆေးခြင်း

အဖွဲ့တိုင်း၊ လူတိုင်း၊ အင်စတီကျူးရှင်းတိုင်းဟာ တခြားသူကို ကိုယ့်အိုင်ဒီယာတွေ “ရောင်း” ဖို့ ကြိုးစားနေတတ်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို နေရာမှာ လူငယ်တွေဟာ ပဋိပက္ခ၊ ဝါဒဖြန့်မှုနဲ့ ဖိအားတွေကြားမှာ လွတ်လပ်စွာ တွေးခေါ်ရတာထက် လိုက်ယုံခိုင်းတာ၊ ကိုယ့်ဘက်တော်သားလားလို့ စစ်ဆေးတာမျိုးကို ပိုကြုံလာရတယ်။

ဒဿနဆုံရပ်က တရားသေအတွေး၊ အဖြူအမည်းအမြင်၊ ငါ့လူလားသူ့လူလားမေးခွန်းတွေကနေ ကျော်ပြီး တည်မြဲနေတဲ့ သမုတိသစ္စာတွေရဲ့ နောက်က စနစ်၊ သမိုင်း၊ ဩဇာနဲ့ ရွေးချယ်မှုတွေကို လေ့လာဆွေးနွေးပါတယ်။

သောကြာည စကားဝိုင်း၊ မြန်မာချိန် ညနေခင်း ၇ နာရီ

Comments

Popular posts from this blog

ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်မှုကို ဆန့်ကျင်၍ (သို့မဟုတ်) အမှားနှင့်မကင်းသော လူသားများကို ကာကွယ်ခြင်း

  လူသားများသည် အမှားလုပ်တတ်ကြသည်။ ဤသည်မှာ အဆိုးမြင်သော ပြောဆိုချက်မဟုတ်ပါ။ ရှိရင်းစွဲ အခြေအနေကို ဖော်ပြခြင်းသာ ဖြစ်သည်။ အချို့အမှားများသည် သေးငယ်ပြီး မေ့ပစ်နိုင်သော်လည်း၊ အချို့မှာမူ ကြီးလေးပြီး ထိခိုက်နစ်နာစေသည်။ လူများသည် လိမ်ညာတတ်ကြသည်။ အာဏာကို အလွဲသုံးစား လုပ်တတ်ကြသည်။ အဂတိ ဖြစ်မည်။ ယုံကြည်မှုကို သစ္စာဖောက်တတ်ကြသည်။ ဤအချက်ကို ငြင်းပယ်ခြင်းဖြင့် စတင်သော မည်သည့် ကိုယ်ကျင့်တရားဟောပြောချက် သို့မဟုတ် နိုင်ငံရေး အတွေးအခေါ်မဆို မျှော်လင့်ချက် ရှိနေသည် မဟုတ်ပါ။ ကျိုးပဲ့လွယ်နေခြင်းသာ ဖြစ်သည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ ယဉ်ကျေးမှုများ (အထူးသဖြင့် နိုင်ငံရေးနှင့် တက်ကြွလှုပ်ရှားမှု နယ်ပယ်များ) တွင် လူ့သဘာဝ၏ ဆန့်ကျင်ဘက်ကို ဘက်ယူဟောပြော ယူဆထားလေ့ ရှိသည်။ တဖက်တွင် လူကောင်းများ ရှိပြီး၊ အခြားတဖက်တွင် လူဆိုးများ ရှိသည်ဟု စိတ်ကူးကြသည်။ သန့်ရှင်းစင်ကြယ်မှု (Purity)၊ ရှေ့နောက်ညီညွတ်မှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သန့်ရှင်းမှုတို့ကို ရှာဖွေကြသည်။ ကျရှုံးမှု ပေါ်လာသောအခါ ထိတ်လန့်သွားကြသည်။ ထို့နောက် ဒေါသထွက်ကြသည်။ ထို့နောက် ဖယ်ထုတ်ပစ်လိုက်ကြသည်။ ပြီးတော့ ထိုသံသရာကို ဆက်လှည့်ကြသည်။ ဤစာသည် ကွဲပြား...

တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း ၂)

ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...

လေးနက်ယောင်ဆောင်ကြသူများ

အာဏာရှင်စနစ်တွေက သူတို့ကိုယ်သူတို့ ဘယ်လိုပြသလဲဆိုတဲ့အပေါ်မှာ သိပ်သတိထားကြပါတယ်။ သူတို့ကိုယ်သူတို့ ရက်စက်တယ်၊ ကြောက်တတ်တယ်၊ ချုပ်ကိုင်လွန်းတယ်လို့ ပြောခဲပါတယ်။ အဲဒီအစား သူတို့က ပိုပြီး လေးစားစရာကောင်းတဲ့ ပုံရိပ်တခုကို ရွေးချယ်ကြပါတယ်။ အဲ့ဒါကတော့ သူတို့က သူတို့ကိုယ်သူတို့ "လေးနက်သူတွေ" (Serious) လို့ သမုတ်ကြတာပါ။ "လေးနက်တယ်" ဆိုတာ တာဝန်သိတဲ့ပုံ ပေါက်ပါတယ်။ ရင့်ကျက်မှု၊ လက်တွေ့ကျမှုနဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ညွှန်းဆိုပါတယ်။ ကမ္ဘာကြီး ဘယ်လိုလည်ပတ်နေသလဲဆိုတာကို ကောင်းကောင်းနားလည်တဲ့ လူကြီးလူကောင်းတွေကပဲ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေသယောင် ထင်ရစေပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ကို ဝေဖန်သူတွေကိုကျတော့ နုံအသူတွေ၊ စိတ်ခံစားချက် ဦးစားပေးသူတွေ၊ စိတ်ကူးယဉ်သမားတွေ (သို့) တာဝန်မဲ့သူတွေအဖြစ် ပုံဖော်လေ့ရှိပါတယ်။ ဒီလို ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ နိုင်ငံရေး မဟာဗျူဟာ တခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးနက်သူလို့ ပြောတာဟာ လက်တွေ့ဘဝအမှန်တရား (Reality) ကို သူတို့ပဲ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားကြောင်း ကြေညာလိုက်တာတမျိုးပါပဲ။ အာဏာရှင်ဆန်တဲ့ တည်ဆောက်ပုံ...