ခွင့်လွှတ်ခြင်းကို ပြန်လည်စဉ်းစားခြင်း
ခွင့်လွှတ်ခြင်းကို စာရိတ္တကောင်းမြတ်မှုတခုအဖြစ်သာ မယူဆဘဲ နစ်နာမှု၊ အာဏာ၊ မှတ်ဉာဏ်၊ အဖွဲ့အစည်းနှင့် သမိုင်းတို့ဆုံရာက နိုင်ငံရေးမေးခွန်းတခုအဖြစ် လေ့လာခြင်း။
ခွင့်လွှတ်ခြင်းကို ဘာကြောင့် လေ့လာရသလဲ
စကားလုံးတလုံးတည်း ဖြစ်သော်လည်း လူတိုင်းသည် အဓိပ္ပာယ်တူညီစွာ မသုံးကြပါ။ ကရုဏာ၊ ငြိမ်းချမ်းရေး၊ စိတ်လွတ်မြောက်မှုနှင့် တည်ငြိမ်ရေးတို့သည် တခါတရံ တူညီသောစကားလုံးအောက်တွင် ဆုံနေကြသည်။
ခွင့်လွှတ်ခြင်းဆိုတာ လူမှုဘဝနဲ့ နိုင်ငံရေးထဲမှာ အများဆုံး အသုံးပြုတဲ့ စကားလုံးတွေထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ အနက်အဓိပ္ပာယ်ကိုတော့ လူတိုင်း တူညီတဲ့ နားလည်မှုနဲ့ အသုံးပြုနေကြတာ မဟုတ်ပါဘူး။
- ကျူးလွန်သူများအတွက် အပြစ်မှ လွတ်မြောက်ဖို့ နည်းလမ်း ဖြစ်လာနိုင်တယ်။
- အာဏာရှိသူများအတွက် လူမှုရေးတည်ငြိမ်မှု ထိန်းထားဖို့ ကိရိယာ ဖြစ်လာနိုင်တယ်။
- နစ်နာသူများအတွက် အကြမ်းဖက်မှုကို ဖုံးကွယ်ပေးတဲ့ စကားလုံးလို့ မြင်နိုင်တယ်။
နားလည်မှုအုတ်မြစ် ၃ ခု
ခွင့်လွှတ်ခြင်းသည် ဘက်မလိုက်၊ အရောင်ကင်း၊ အပြစ်မရှိသော စင်းလုံးချောကောင်းမြတ်မှုတခု မဟုတ်ပါ။ အောက်ပါအချက်သုံးခု ဆုံရာတွင် တည်ဆောက်နေသည်။
ကိုယ်ကျင့်တရားဆိုင်ရာ နစ်နာမှု
လူတယောက်ရဲ့ dignity ကို ဖောက်ဖျက်တဲ့ လုပ်ရပ်တွေကြောင့် အတွင်းစိတ်ဒဏ်ရာ ဖြစ်တတ်ပါတယ်။ ဒီဒဏ်ရာဟာ ပစ္စည်းဆုံးရှုံးမှုထက် ပိုပြီး ကိုယ်တန်ဖိုးအပေါ် ထိခိုက်တတ်ပါတယ်။
အာဏာ မညီမျှမှု
ခွင့်လွှတ်ခြင်းကို ပြောနေသူများသည် အခြေအနေတူ မဟုတ်ကြပါ။ တချို့တွင် အာဏာနှင့် အရင်းအမြစ်ရှိပြီး တချို့တွင် အသံပင် မရှိနိုင်ပါ။ ထို့ကြောင့် ခွင့်လွှတ်ခြင်းသည် ကိုယ်ကျင့်တရားအပြင် အာဏာဆက်ဆံရေးလည်း ဖြစ်သည်။
မှတ်ဉာဏ်
ခွင့်လွှတ်ခြင်းဆိုတာ အတိတ်ကို ဖျက်ပစ်ခြင်း မဟုတ်ပါ။ အမှားအယွင်း၏ မှတ်ဉာဏ်နှင့် လူ့အသိုက်အဝန်းသည် အနာဂတ်တွင် ဘယ်လို ပြန်လည်ဆက်ဆံမလဲဆိုသည့် မေးခွန်းဖြစ်သည်။
ခွင့်လွှတ်ခြင်းကို ကြည့်နိုင်သည့် ရှုထောင့် ၅ လွှာ
မေးခွန်းတခုတည်းကို အလွှာပြောင်းကြည့်သည့်အခါ အဖြေကလည်း ပြောင်းသွားနိုင်သည်။ ဒီမော်ဒယ်က အဖြေတခုတည်း မပေးဘဲ မေးခွန်း၏ တည်နေရာကို ရှင်းစေသည်။
စာရိတ္တစည်းဘောင်၊ အမှန်နှင့်အမှား
ဒီအလွှာမှာ ခွင့်လွှတ်ခြင်းကို ရပ်တည်ချက် တခုအနေနဲ့ ကြည့်ပါတယ်။
အဓိကမေးခွန်း: လူတယောက်ဟာ ခွင့်လွှတ်သင့်သလား။ ခွင့်လွှတ်တာဟာ ပိုမြင့်မြတ်သလား။
တင်းမာမှု: “Mercy mirroring Divine mercy” နှင့် “Accountability first” တို့ကြား အားပြိုင်မှု။
“မြန်မာ့ယဉ်ကျေးမှုမှာ ခွင့်မလွှတ်ခင် သည်းခံတာ အရင်လာတယ်။ အရင်သည်းခံတယ်၊ ပြီးမှ ခွင့်လွှတ်တယ်။”
လက်တွေ့ဘဝထဲက အတိမ်အနက်များ
ဒီအလွှာမှာ ခွင့်လွှတ်ခြင်းဟာ အယူအဆမဟုတ်ဘဲ ခံစားချက်နှင့် လုပ်ငန်းစဉ် ဖြစ်လာပါတယ်။
အဖြူအမည်းမဟုတ်သောအရှိတရား: ခွင့်လွှတ်ခြင်းသည် တခါတည်း ပြတ်သွားတာမဟုတ်ဘဲ တက်လိုက်ကျလိုက် ဖြစ်တတ်သည်။
ဒဏ်ရာနှင့် ဖိအား: Healing ဆိုတဲ့ခေါင်းစဉ်အောက်မှာ နစ်နာသူတွေကို အဆင်သင့်မဖြစ်သေးခင် ခွင့်လွှတ်ဖို့ ဖိအားပေးခံရနိုင်သည်။
“ခွင့်လွှတ်ခြင်းဆိုတာ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ဘာခံစားချက်မှ မရှိတော့တာပဲ။ ကိုယ်က ဒီဇာတ်လမ်းထဲမှာ မရှိတော့သလိုမျိုးပဲ။”
ဘယ်သူ အကျိုးရသလဲ
ဒီအလွှာမှာ ခွင့်လွှတ်ခြင်းဟာ နိုင်ငံရေး ဖြစ်လာပါတယ်။
အာဏာဆက်ဆံရေး: အစွန်အဖျားရောက်သူတွေကို လူမှုရေးတည်ငြိမ်ရေးအတွက် ခွင့်လွှတ်ဖို့ တိုက်တွန်းခြင်းသည် pacification ဖြစ်သွားနိုင်သည်။
တွက်ချက်မှု: လက်တုံ့ပြန်ဖို့ အင်အားမရှိတဲ့အခါ ခွင့်လွှတ်ဟန် ဆောင်ရတာမျိုးလည်း ရှိနိုင်သည်။
“ဘေးကလူတွေက ဝင်ပြီး ‘ခွင့်လွှတ်ပါတယ်’ လို့ ပြောကြသေးတယ်။ တကယ်နစ်နာတဲ့ မောင်ဖြူကတော့ ခွင့်မလွှတ်ရသေးဘူး။”
စနစ်နှင့် အဖွဲ့အစည်းများ
ဒီအလွှာမှာ ခွင့်လွှတ်ခြင်းဟာ ဗျူရိုကရေစီနှင့် စီမံခန့်ခွဲမှု ဖြစ်လာပါတယ်။
ယန္တရားများ: အမှန်တရားရှာဖွေရေးကော်မရှင်များ၊ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေများနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များသည် ခွင့်လွှတ်ခြင်းကို အဖွဲ့အစည်းဆိုင်ရာ ဆုံးဖြတ်ချက်အဖြစ် ပြောင်းလဲသည်။
တင်းမာမှု: လူတဦးချင်းကုစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အမြဲတမ်း ထပ်တူမကျနိုင်ပါ။
“နိုင်ငံရေးဘောင်ထဲမှာ လုပ်မယ်ဆိုရင် ‘ခွင့်လွှတ်ခြင်း’ ကိုတောင် ‘ဥပဒေအရ ပြစ်ဒဏ်ပေးခြင်း’ အဖြစ် ပြောင်းလဲစီမံတာမျိုး ဖြစ်လာနိုင်တယ်။”
သမိုင်းကြောင်းအတွင်းက ရွေးချယ်မှုများ
ဒီအလွှာမှာ ခွင့်လွှတ်ခြင်းကို သမိုင်းကြောင်းအရ ဖွဲ့စည်းလာသော အယူအဆ အဖြစ် ကြည့်ပါတယ်။
ဆင့်ကဲပြောင်းလဲမှု: ခွင့်လွှတ်ခြင်းကိုယ်တိုင်က လူမှုရေးအရ ပုံဖော်ထားတာဖြစ်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနေသည်။
အနာဂတ်အတွက်: “ခွင့်လွှတ်ခြင်း / ခွင့်မလွှတ်ခြင်း” ဆိုတဲ့ ပုံစံခွက်နှစ်ခုထက် ပိုကောင်းတဲ့ ဘောင်အသစ်တခုကို ရှာဖွေရန် လိုသည်။
“ပုံစံခွက်နှစ်ခုလုံးကို အသေအချာ ပြန်သုံးသပ်ပြီး ဘောင်အသစ်တခု ဆွဲရမယ်။ အဲဒီလိုလုပ်မှ လူ့အသိုက်အဝန်းအတွက် ကောင်းတဲ့အရာတခု ရနိုင်မယ်။”
မေးသင့်သည့် မေးခွန်းကောင်း
ခွင့်လွှတ်ခြင်းကို ဘယ်အလွှာကနေ စကားပြောနေသလဲ မရှင်းလင်းရင် ရှုပ်ထွေးမှုတွေပဲ ဖြစ်လာမယ်။ ကိုယ်ကျင့်တရားအရ ပြောနေတာလား၊ အတွေ့အကြုံအရလား၊ နိုင်ငံရေးအရလား၊ အဖွဲ့အစည်းအရလား ဆိုတာ အရင်ခွဲသိဖို့လိုပါတယ်။
အဖြေသေတခုထက် မေးခွန်း၏ နောက်ခံကို စစ်ဆေးခြင်း
အဖွဲ့တိုင်း၊ လူတိုင်း၊ အင်စတီကျူးရှင်းတိုင်းဟာ တခြားသူကို ကိုယ့်အိုင်ဒီယာတွေ “ရောင်း” ဖို့ ကြိုးစားနေတတ်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို နေရာမှာ လူငယ်တွေဟာ ပဋိပက္ခ၊ ဝါဒဖြန့်မှုနဲ့ ဖိအားတွေကြားမှာ လွတ်လပ်စွာ တွေးခေါ်ရတာထက် လိုက်ယုံခိုင်းတာ၊ ကိုယ့်ဘက်တော်သားလားလို့ စစ်ဆေးတာမျိုးကို ပိုကြုံလာရတယ်။
ဒဿနဆုံရပ်က တရားသေအတွေး၊ အဖြူအမည်းအမြင်၊ ငါ့လူလားသူ့လူလားမေးခွန်းတွေကနေ ကျော်ပြီး တည်မြဲနေတဲ့ သမုတိသစ္စာတွေရဲ့ နောက်က စနစ်၊ သမိုင်း၊ ဩဇာနဲ့ ရွေးချယ်မှုတွေကို လေ့လာဆွေးနွေးပါတယ်။
Comments
Post a Comment