အာဏာရှင်စနစ်တွေက သူတို့ကိုယ်သူတို့ ဘယ်လိုပြသလဲဆိုတဲ့အပေါ်မှာ သိပ်သတိထားကြပါတယ်။ သူတို့ကိုယ်သူတို့ ရက်စက်တယ်၊ ကြောက်တတ်တယ်၊ ချုပ်ကိုင်လွန်းတယ်လို့ ပြောခဲပါတယ်။ အဲဒီအစား သူတို့က ပိုပြီး လေးစားစရာကောင်းတဲ့ ပုံရိပ်တခုကို ရွေးချယ်ကြပါတယ်။ အဲ့ဒါကတော့ သူတို့က သူတို့ကိုယ်သူတို့ "လေးနက်သူတွေ" (Serious) လို့ သမုတ်ကြတာပါ။
"လေးနက်တယ်" ဆိုတာ တာဝန်သိတဲ့ပုံ ပေါက်ပါတယ်။ ရင့်ကျက်မှု၊ လက်တွေ့ကျမှုနဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ညွှန်းဆိုပါတယ်။ ကမ္ဘာကြီး ဘယ်လိုလည်ပတ်နေသလဲဆိုတာကို ကောင်းကောင်းနားလည်တဲ့ လူကြီးလူကောင်းတွေကပဲ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေသယောင် ထင်ရစေပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ကို ဝေဖန်သူတွေကိုကျတော့ နုံအသူတွေ၊ စိတ်ခံစားချက် ဦးစားပေးသူတွေ၊ စိတ်ကူးယဉ်သမားတွေ (သို့) တာဝန်မဲ့သူတွေအဖြစ် ပုံဖော်လေ့ရှိပါတယ်။ ဒီလို ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ နိုင်ငံရေး မဟာဗျူဟာ တခုဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် လေးနက်သူလို့ ပြောတာဟာ လက်တွေ့ဘဝအမှန်တရား (Reality) ကို သူတို့ပဲ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားကြောင်း ကြေညာလိုက်တာတမျိုးပါပဲ။ အာဏာရှင်ဆန်တဲ့ တည်ဆောက်ပုံတွေက လူတွေကို ယုံကြည်စေချင်တဲ့ အချက်နှစ်ချက် ရှိပါတယ်။ လူ့အဖွဲ့အစည်းကို ဖွဲ့စည်းတည်ဆောက်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းဆိုလို့ ဒီတလမ်းတည်း ရှိတယ်ဆိုတာရယ်၊ သူတို့ကသာ ဒီအချက်ကို လက်ခံရဲတဲ့ သတ္တိရှိသူတွေ ဖြစ်တယ်ဆိုတာရယ်ပါ။ အာဏာက သူ့ကိုယ်သူ ဒီလိုပုံဖော်တဲ့အခါ သဘောထားကွဲလွဲမှုဟာ တခြားရွေးချယ်စရာ အမြင်တခု မဟုတ်တော့ပါဘူး။ ကလေးဆန်တဲ့ အပြုအမူ ဖြစ်သွားပါတယ်။ ဝေဖန်မှုတွေကို ပယ်ချတဲ့အခါမှာလည်း အဲဒီဝေဖန်မှု မှားနေလို့ မဟုတ်ဘဲ၊ လက်တွေ့မကျဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ပယ်ချခံရပါတယ်။
ဒီလို ပုံဖော်ခြင်းဟာ အကျပ်အတည်း ကာလတွေမှာ ပိုပြီး ထိရောက်ပါတယ်။ ကြောက်စိတ်က လူတွေကို သေချာရေရာမှု (Certainty) လိုချင်အောင် တွန်းပို့ပါတယ်။ အနာဂတ်က မရေရာ မတည်ငြိမ်ဘူးလို့ ခံစားရတဲ့အခါ တည်ငြိမ်ပြီး ယုံကြည်ချက်ရှိရှိ ပြောဆိုတဲ့ ဘယ်သူ့ကိုမဆို ယုံကြည်ချင်စရာလို့ ထင်မိတတ်ကြပါတယ်။ အာဏာရှင် ခေါင်းဆောင်တွေက ဒါကို ကောင်းကောင်း နားလည်ပါတယ်။ သူတို့က အသံနိမ့်နိမ့်နဲ့ ပြောတယ်၊ ပြတ်သားတဲ့ စကားလုံးတွေ သုံးတယ်၊ မလွှဲမရှောင်သာ ဖြစ်ရခြင်းတွေအကြောင်း ပြောပါတယ်။ "တခြားရွေးချယ်စရာ မရှိဘူး" (သို့) "လောကကြီးက ဒီလိုပဲ လည်ပတ်တာ" ဆိုတာမျိုး ပြောတတ်ကြပါတယ်။ တည်ကြည်လေးနက်မှုဆိုတာ ရှောင်လွှဲလို့မရနိုင်မှုကို သရုပ်ဆောင်ပြခြင်း (Performance of inevitability) တခု ဖြစ်လာပါတယ်။
တချိန်တည်းမှာပဲ ဝေဖန်သူတွေကို ကျဉ်းမြောင်းတဲ့ ထောင့်တနေရာဆီ တွန်းပို့လိုက်ပါတယ်။ သူတို့က ဂုဏ်သိက္ခာ၊ ဂရုစိုက်မှုနဲ့ တရားမျှတမှုအကြောင်း ပြောတဲ့အခါ၊ လက်တွေ့ဘဝကို မျက်ကွယ်ပြုသူတွေအဖြစ် စွပ်စွဲခံရပါတယ်။ တခြားရွေးချယ်စရာ နည်းလမ်းတွေကို စိတ်ကူးကြည့်တဲ့အခါ၊ စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနေသူတွေလို့ အပြောခံရပါတယ်။ ဒါဟာ ပါးနပ်တဲ့ လှည့်ကွက်တခုပါ။ ဝေဖန်မှုရဲ့ အနှစ်သာရကို မဆွေးနွေးဘဲ ဝေဖန်သူရဲ့ ပင်ကိုစရိုက် (Character) ကို တိုက်ခိုက်လိုက်တာပါ။ အငြင်းအခုံက "ဒါ မှန်သလား" ဆိုတဲ့ မေးခွန်းကနေ "မင်းက ဒီစကားပြောဖို့ လုံလောက်တဲ့ ရင့်ကျက်မှု ရှိရဲ့လား" ဆိုတဲ့ မေးခွန်းဆီ ပြောင်းသွားပါတယ်။
ထိန်းချုပ်မှု (Control) နဲ့ လုပ်ရည်ကိုင်ရည် (Competence) ကို ရောထွေးသွားအောင် လုပ်ခြင်းကနေလည်း အာဏာရှင်စနစ်တွေ အကျိုးအမြတ် ရကြပါတယ်။ သူတို့က တင်းမာပြတ်သားမှုကို ဉာဏ်ပညာနဲ့ တူညီတယ်လို့ သတ်မှတ်ပြီး၊ နာခံမှုကို တည်ငြိမ်မှုနဲ့ တူညီတယ်လို့ သတ်မှတ်ပါတယ်။ အာဏာကို မေးခွန်းထုတ်ခြင်းကို အန္တရာယ်ရှိတဲ့ စမ်းသပ်မှုတခုအဖြစ် ပုံဖော်ပြီး၊ ဒူးထောက်နာခံခြင်းကိုတော့ တာဝန်သိတဲ့ အပြုအမူအဖြစ် ချီးကျူးကြပါတယ်။ ကြာလာတဲ့အခါ လူတွေက ဒီယုတ္တိမူကို ကိုယ့်စိတ်ထဲ စွဲသွားကြပါတယ်။ သူတို့ကိုယ်တိုင်နဲ့ တခြားသူတွေကိုပါ စောင့်ကြည့်ထိန်းချုပ်လာပြီး၊ အာဏာရှင်တွေ သုံးတဲ့ စကားလုံးတွေကိုပဲ လိုက်ပြောလာကြပါတယ်။ "လက်တွေ့ကျစမ်းပါ"၊ "ရင့်ကျက်စမ်းပါ"၊ "အခုက အဲဒီအချိန် မဟုတ်ဘူး" စသဖြင့်ပေါ့။
ဒီဖြစ်စဉ်ထဲမှာ အရေးကြီးတဲ့ အမှန်တရားတခု ပျောက်ဆုံးသွားပါတယ်။ သမိုင်းတလျှောက် အဆိုးရွားဆုံး ထိခိုက်နစ်နာမှု အများစုကို ကျူးလွန်ခဲ့သူတွေဟာ သူတို့ကိုယ်သူတို့ "လေးနက်သူတွေ" လို့ ယုံကြည်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အမိန့်နာခံခဲ့တဲ့ ဗျူရိုကရက်တွေ၊ စနစ်တွေကို အကောင်းဆုံးဖြစ်အောင် စီမံခဲ့တဲ့ စီမံကိန်းချမှတ်သူတွေ၊ "အများကောင်းကျိုး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူ့အသက်တွေကို စတေးခဲ့တဲ့ ခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ လက်တွေ့သမားတွေလို့ပဲ မြင်ခဲ့ကြပါတယ်။ လူဆိုးတွေလို့ မမြင်ခဲ့ပါဘူး။ တည်ကြည်လေးနက်မှုက ရက်စက်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။ ရက်စက်မှုကို ပုံမှန်ကိစ္စတခု ဖြစ်သွားအောင် ကူညီပေးခဲ့တာသာ ရှိပါတယ်။
ဝေဖန်သူတွေကို နုံအသူတွေလို့ ခေါ်ရတဲ့ အကြောင်းရင်းက သူတို့ဟာ ဒီသက်သောင့်သက်သာ အခြေအနေကို ခြိမ်းခြောက်နေလို့ပါပဲ။ ရှိနေတဲ့အရာနဲ့ လိုအပ်တဲ့အရာ မတူဘူးဆိုတာကို သူတို့က သတိပေးနေကြပါတယ်။ ဂုဏ်သိက္ခာမပါတဲ့ ထိရောက်မှု (Efficiency) ကို လက်ခံနိုင်သလား၊ သဘောတူညီချက်မပါတဲ့ စနစ်ကျနမှု (Order) ကို ထိန်းသိမ်းထားသင့်သလား ဆိုတာတွေကို သူတို့က မေးခွန်းထုတ်ကြပါတယ်။ ဒီမေးခွန်းတွေက စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဖြေရတာထက် ပယ်ချလိုက်တာက ပိုလွယ်ပါတယ်။
တကယ်တော့ အာဏာကို မေးခွန်းထုတ်တာဟာ နုံအတာ မဟုတ်ပါဘူး။ တကယ်နုံအတာက အာဏာပိုင်တွေကို ဘယ်တော့မှ စိန်မခေါ်သင့်ဘူး၊ စနစ်တွေက အာဏာအလွဲသုံးစားလုပ်တဲ့ဘက်ကို ဘယ်တော့မှ မရောက်သွားနိုင်ဘူး၊ တည်ကြည်လေးနက်မှုတခုတည်းနဲ့ ဉာဏ်ပညာရှိသလိုလို လက်ခံဖို့ လုံလောက်တယ်လို့ ပြောတာကို ယုံကြည်နေခြင်းသာ ဖြစ်ပါတယ်။ တည်ကြည်လေးနက်မှုနဲ့ လွှမ်းမိုးချုပ်ကိုင်ခြင်း (Domination) ကို အတူတူပဲလို့ သတ်မှတ်တဲ့ လူ့အဖွဲ့အစည်းဟာ အတူတကွ နေထိုင်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေကို စိတ်ကူးကြည့်နိုင်တဲ့ စွမ်းရည် တဖြည်းဖြည်း ပျောက်ဆုံးသွားတတ်ပါတယ်။
စစ်မှန်တဲ့ တည်ကြည်လေးနက်မှုဆိုတာ လေသံမာမာနဲ့ ပြောတာ၊ သံသယတွေကို နှုတ်ပိတ်တာ မဟုတ်ပါဘူး။ လူသားတွေအပေါ် သက်ရောက်မယ့် အကျိုးဆက်တွေကို အလေးအနက်ထားခြင်းသာ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာနဲ့ လဲပြီးရယူထားတဲ့ တည်ငြိမ်မှုဟာ ရင့်ကျက်မှု မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ အဲဒါဟာ ခမ်းနားတဲ့ စကားလုံးတွေ အဆင်တန်ဆာပြုထားတဲ့ ကြောက်ရွံ့မှုမျှသာ ဖြစ်ပါတယ်။
Comments
Post a Comment