လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။
ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော လူပုဂ္ဂိုလ်များ သို့မဟုတ် အုပ်စုများ ("ကိုယ်ကျင့်တရား စွန့်ဦးသမားများ" Moral Entrepreneurs) သည် အပြုအမူများကို သွေဖည်ခြင်းအဖြစ် သတ်မှတ်ရန် စည်းမျဉ်းများကို တက်ကြွစွာ ဖန်တီးပြီး အကောင်အထည်ဖော်ကြသည်ဟု ပြောခဲ့သည်။ များသောအားဖြင့် "ကိုယ်ကျင့်တရားဆိုင်ရာတိုက်ပွဲများ" (Moral Crusades) ဆင်နွှဲခြင်း (ဥပမာ - အရက်ပိတ်ပင်ခြင်း၊ ဆေးခြောက် ဆန့်ကျင်ရေး ဥပဒေများ) မှတဆင့် လုပ်ဆောင်လေ့ရှိသည်။
ကိုယ်ကျင့်တရား စွန့်ဦးတီထွင်သူ ဆိုသည်မှာ အခြားသူများအတွက် အကောင်းအဆိုး အပြုအမူကို တက်ကြွစွာ အဓိပ္ပာယ်ဖွင့်ဆိုပြီး၊ ထိုဖွင့်ဆိုချက်အတိုင်း ဖြစ်လာစေရန် အကောင်အထည်ဖော်သူ ဖြစ်သည်။ သူတို့သည် တန်ဖိုးထားမှုများကို လက်ခံထားရုံသာ မဟုတ်ပါ။ သူတို့သည် ထိုတန်ဖိုးထားမှုများကို စနစ်တကျ စုစည်းသည်၊ မြှင့်တင်သည်၊ အဖွဲ့အစည်းဆိုင်ရာ မူဝါဒများအဖြစ် ပြောင်းလဲသည်၊ ပြီးလျှင် နိုင်ငံရေးအရ၊ လူမှုရေးအရ သို့မဟုတ် အသက်မွေးဝမ်းကျောင်းအရ အကျိုးအမြတ် ရလေ့ရှိကြသည်။
ဤအရာသည် အမြဲတမ်း မကောင်းဆိုးဝါးပုံစံ ပေါက်နေခြင်း မဟုတ်ပါ။ တကယ်တော့ ကိုယ်ကျင့်တရား စွန့်ဦးတီထွင်သူများသည် လေးစားဖွယ်ကောင်းသူများအဖြစ် မြင်ရလေ့ရှိသည်။ သူတို့သည် တရားမျှတမှု၊ လုံခြုံမှု၊ တာဝန်ယူမှုနှင့် တိုးတက်မှု ဘာသာစကားကို ပြောဆိုကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို လူ့အဖွဲ့အစည်း၏ အစောင့်အရှောက်များအဖြစ် ပုံဖော်ကြပြီး၊ အန္တရာယ်များ၊ မသိနားမလည်မှုများ သို့မဟုတ် ကိုယ်ကျင့်တရား ပျက်စီးမှုများမှ ကာကွယ်ပေးနေသူများအဖြစ် ပြသကြသည်။ သူတို့၏ ယုံကြည်မှုသည် ထင်မြင်ချက်တခုကို ထုတ်ဖော်နေရုံမျှ မဟုတ်ဘဲ၊ တကမ္ဘာလုံးအတွက် လိုအပ်သော အရာတခုကို ကာကွယ်နေခြင်းဖြစ်သည်ဟု ခံယူချက်မှ လာသည်။
ပြဿနာသည် ကိုယ်ကျင့်တရားဆိုသည့် အရာက "မျှဝေခံစားသော ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးမှု" (Shared ethical conversation) အဆင့်မှ "စီမံခန့်ခွဲသော စနစ်" (Managed system) တခုအဖြစ် ပြောင်းလဲသွားချိန်တွင် စတင်၏။
ကိုယ်ကျင့်တရား စွန့်ဦးတီထွင်သူများသည် ရှုပ်ထွေးသော လူသားတို့၏ လက်တွေ့ဘဝများကို ရှင်းလင်းပြတ်သားသော ကိုယ်ကျင့်တရား အမျိုးအစားများ (Clear moral categories) အဖြစ် လျှော့ချပစ်ခြင်းအားဖြင့် သူတို့လမ်းစဉ်ဖော်ဆောင်လေ့ရှိသည်။ လူကောင်းနှင့် လူဆိုး။ မှန်ကန်သော အမြင်နှင့် အန္တရာယ်ရှိသော အမြင်။ လက်ခံနိုင်သော အပြုအမူနှင့် လက်မခံနိုင်သော အပြုအမူ။ ဤရှင်းလင်းပြတ်သားမှုသည် လူအများအပြားအတွက် စိတ်သက်သာရာ ရစေသည်။ မရေရာမှုများကို လျှော့ချပေးပြီး လူများကို သမိုင်း၏ မှန်ကန်သော ဘက်ခြမ်းတွင် ရပ်တည်နေသည်ဟူသော ခံစားချက်ကို ပေးသည်။ သို့သော် လျင်မြန်လွန်းစွာ ရရှိလာသော ရှင်းလင်းပြတ်သားမှုသည် များသောအားဖြင့် အာဏာကို ဖုံးကွယ်ထားတတ်သည်။
ကိုယ်ကျင့်တရားဆိုင်ရာ မူဘောင်တခု တည်ဆောက်ပြီးသည်နှင့် တပြိုင်နက်၊ အတင်းအကျပ် အကောင်အထည်ဖော်မှုများ နောက်က လိုက်လာသည်။ ဤအရာသည် ပုံစံအမျိုးမျိုး ဖြစ်နိုင်သည်။ လူမှုရေးအရ အရှက်ခွဲခြင်း၊ အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ငန်းခွင် စံချိန်စံညွှန်းများ၊ အဆင့်သတ်မှတ်ချက်များ၊ ထောက်ခံချက် လက်မှတ်များ၊ ရန်ပုံငွေဆိုင်ရာ စည်းကမ်းချက်များ သို့မဟုတ် လူသိရှင်ကြား ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်နိုင်သည်။ အရေးကြီးသည်မှာ ဘာကို ကာကွယ်နေသလဲ ဆိုသည်သာမက၊ ဘယ်သူက ဆုံးဖြတ်သလဲ၊ ဘယ်သူက အကောင်အထည်ဖော်သလဲ၊ ဘယ်သူက အပြစ်ပေးခံရသလဲ ဆိုသည့်အချက် ဖြစ်သည်။
ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု၏ အဓိက လက္ခဏာရပ်တခုမှာ အကျိုးဆက်များနှင့် ကင်းကွာနေခြင်း (Distance from consequence) ဖြစ်သည်။ စည်းမျဉ်းများကို သတ်မှတ်သူများသည် တင်းကျပ်စွာ အကောင်အထည်ဖော်မှုကြောင့် ဖြစ်လာသော ထိခိုက်မှုများမှ ကင်းလွတ်နေလေ့ရှိသည်။ သူတို့၏ ကိုယ်ကျင့်တရား စနစ်များကြောင့် ဖြစ်ပေါ်လာသော ဖယ်ကျဉ်ခံရမှုများ၊ နှုတ်ပိတ်ခံရမှုများ သို့မဟုတ် အမည်းစက်ထင်ခြင်းများကို သူတို့ ကိုယ်တိုင် ခံစားရခဲပါသည်။ ဤအကွာအဝေး (သူတို့မှာရှိသည့် ရုပ်ပိုင်း လူမှုပိုင်း အရင်းအမြစ်များလည်းပါဝင်) က သူတို့၏ စည်းမျဉ်းများအောက်တွင် တကယ့်လူသားများ ဒုက္ခရောက်နေချိန်မှာပင် သူတို့၏ မှန်ကန်မှုကို ယုံကြည်မှု မပျက်စေရန် အထောက်အကူ ပြုသည်။
နောက်ထပ် လက္ခဏာရပ်တခုမှာ ကိုယ်ကျင့်တရား ဖောင်းပွခြင်း (Moral inflation) ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သာမန်သဘောထား ကွဲလွဲမှုများကို ကိုယ်ကျင့်တရားဆိုင်ရာ ပျက်ကွက်မှုများအဖြစ် ပုံဖော်လာကြသည်။ တွန့်ဆုတ်ခြင်းသည် ကြံရာပါ ဖြစ်လာသည်။ ဝေဖန်ခြင်းသည် အန္တရာယ်ပြုခြင်း ဖြစ်လာသည်။ သိမ်မွေ့နက်နဲစွာ ခွဲခြားရှုမြင်ခြင်း (Nuance) သည် သစ္စာဖောက်မှု ဖြစ်လာသည်။ အရာရာကို ကိုယ်ကျင့်တရား ရှုထောင့်မှ ကြည့်သောအခါ သင်ယူခြင်း၊ ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် အကြောင်းအရာ နောက်ခံ (Context) အတွက် နေရာမရှိတော့ပေ။ လူများကို ကြီးထွားလာရန် မဖိတ်ခေါ်တော့ဘဲ၊ အမျိုးအစား ခွဲခြားခြင်း (Sorting action) သာ ပြုလုပ်တော့သည်။
ခေတ်သစ် အဖွဲ့အစည်းများသည် ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှုအတွက် အထူးကောင်းမွန်သော မြေဆီလွှာများ ဖြစ်ကြသည်။ ဗျူရိုကရေစီ ယန္တရားများ၊ NGO များ၊ တက်ကြွလှုပ်ရှားသူ နယ်ပယ်များနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများသည် ပြဿနာများကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ကိုယ်ကျင့်တရားဆိုင်ရာ သေချာရေရာမှု (Moral certainty) ကို ပေးနိုင်သူများကို ဆုချလေ့ရှိသည်။ ရန်ပုံငွေ၊ ထင်ပေါ်ကျော်ကြားမှုနှင့် အာဏာပိုင်စိုးမှုတို့သည် ယုံကြည်ချက် အပြင်းထန်ဆုံး ပြောဆိုသူများထံသို့ စီးဆင်းသွားလေ့ရှိသည်။ ဤပတ်ဝန်းကျင်တွင် ကိုယ်ကျင့်တရားဆိုင်ရာ ဘာသာစကားသည် ငွေကြေးသဖွယ် ဖြစ်လာပြီး၊ ဒေါသထွက်ခြင်းသည် ကျွမ်းကျင်မှုတခု ဖြစ်လာသည်။
ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြောဆိုချက်များ မှားယွင်းသည် (သို့) မလိုအပ်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကိုယ်ကျင့်တရား စွန့်ဦးတီထွင်သူ အများအပြားသည် စစ်မှန်သော မတရားမှုများမှ စတင်ခဲ့ကြသည်။ အန္တရာယ်မှာ နောက်ဆက်တွဲ ဖြစ်လာသော အရာများတွင် ရှိသည်။ ကိုယ်ကျင့်တရားဆိုင်ရာ အာဏာပိုင်စိုးမှု (Moral authority) သည် တာဝန်ယူမှုတခု မဟုတ်ဘဲ ရာထူးနေရာတခု ဖြစ်လာသောအခါ၊ နားထောင်ခြင်း ရပ်သွားသည်။ ၎င်းသည် ကုန်အမှတ်တံဆိပ် (Brand) တခု ဖြစ်လာသောအခါ၊ မိမိကိုယ်ကို သံသယဝင်ခြင်း ရပ်သွားသည်။
လူသားဆန်သော နိုင်ငံရေးသည် ကိုယ်ကျင့်တရားဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှု (Moral domination) မပါသော ကိုယ်ကျင့်တရားဆိုင်ရာ လေးနက်မှု (Moral seriousness) ကို လိုအပ်သည်။ မိမိကိုယ်ကို လူသားတန်ဖိုး၏ တရားသူကြီးအဖြစ် မပြောင်းလဲဘဲ ထိခိုက်နစ်နာမှုကို အမည်တပ်နိုင်သူများ လိုအပ်သည်။ လက်တွေ့ဘဝ အတွေ့အကြုံအပေါ်တွင်သာ ရှိနေပြီး၊ ၎င်း၏ အထက်တွင် မြင့်မားစွာ တည်ရှိမနေသော ကျင့်ဝတ်များ လိုအပ်သည်။
ကိုယ်ကျင့်တရား စွန့်ဦးတီထွင်သူ မည်သူ့ကိုမဆို မေးသင့်သော အရေးကြီးဆုံး မေးခွန်းမှာ "သူတို့ ပြောတာ မှန်သလား" မဟုတ်ဘဲ၊ "သူတို့မှာ တာဝန်ခံမှု ရှိသလား" ဟူသော မေးခွန်းဖြစ်သည်။ သူတို့သည် အရှက်ခွဲခြင်း မပြုဘဲ သဘောထားကွဲလွဲခွင့် ပြုပါသလား။ ထိခိုက်နစ်နာမှုများ ပေါ်ပေါက်လာပါက သူတို့၏ အမြင်များကို ပြန်လည်ပြင်ဆင်ပါသလား။ သူတို့သည် အာဏာကို မျှဝေပါသလား၊ သို့မဟုတ် စည်းမျဉ်းများကိုသာ မျှဝေပါသလား။
ကိုယ်ကျင့်တရားသည် ကျွန်ုပ်တို့ကို ပိုမိုဂရုစိုက်မှုဖြင့် အတူတကွ နေထိုင်နိုင်ရန် ကူညီပေးသင့်သည်။ ၎င်းသည် တက်လှမ်းစရာ လှေကားတစင်း၊ ဝေဖန်မှုကို ကာကွယ်သော ဒိုင်းတခု၊ သို့မဟုတ် အခြားသူများကို အပြစ်ပေးရန် လက်နက်တခု ဖြစ်လာသည့် အခိုက်အတန့်တွင် ယင်းသည် ကျင့်ဝတ်ဆိုင်ရာ အလုပ် မဟုတ်တော့ဘဲ၊ အုပ်ချုပ်ရေးပုံစံ တမျိုးသာ (Another form of governance) ဖြစ်လာပါတော့သည်။
Comments
Post a Comment