Skip to main content

တိုက်ပွဲသည် အဆုံးမဲ့ညှစ်ထုတ်ယူရန်မဟုတ်

တော်လှန်တိုက်ပွဲဝင်လှုပ်ရှားမှုများတွင် တွေ့ရတတ်သော အသံမထွက်သည့် ရက်စက်မှုတမျိုး ရှိသည်။ အဲ့ဒါက မိမိတို့ကို ကျားကန်ပေးထားသော "လူ" များ၏ အကန့်အသတ်များကို မေ့လျော့သွားခြင်းပင် ဖြစ်သည်။

အစပိုင်းတွင် တိုက်ပွဲတခုက သတ္တိကို တောင်းဆိုသည်။ ထို့နောက် အချိန်ကို တောင်းဆိုသည်။ ထို့နောက် လုံခြုံမှုအဆုံးခံရန်ကို တောင်းဆိုသည်။ နောက်ဆုံးတွင်၊ အထိန်းအကွပ်မရှိပါက လူပုဂ္ဂိုလ်ကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် တောင်းဆိုလာသည်။ ပါဝင်သူတယောက်အဖြစ် မဟုတ်ဘဲ၊ သယံဇာတအရင်းအမြစ်တခုအဖြစ် တောင်းဆိုလာခြင်းကို ဆိုလိုသည်။ ဒီအချိန်ရောက်လာလျှင် ဘာသာစကားအသုံးအနှုန်းက မသိမသာ ပြောင်းလဲသွားတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းကို "ကတိကဝတ်" ဟု အမည်ပြောင်းခေါ်သည်။ စိတ်ကုန်ခမ်းသွားခြင်းကို "ကိုယ်ကျင့်တရား အားနည်းခြင်း" ဟု တံဆိပ်ကပ်သည်။ အနားယူခြင်းသည် သံသယဖြစ်စရာကောင်းသော ဇိမ်ခံပစ္စည်းတခု ဖြစ်လာသည်။

မတရားမှုက အတိုင်းအဆမရှိ တောင်းဆိုလေ့ရှိသောကြောင့် တရားမျှတမှုမှာလည်း အတိုင်းအဆမရှိသော ဆာလောင်မှု ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ချင်ကြသည်။ ဆိုလိုတာက လူသားတို့သည် တရားမျှတမှုကို အဆုံးမရှိ လိုချင်ကြသည်ဟု တွေးမိတတ်သည်။ သို့သော် ဤသည်မှာ မှားယွင်းသော နှိုင်းယှဉ်မှုတခု ဖြစ်သည်။ မတရားမှုသည် လွန်ကဲမှုအပေါ် မှီခိုသည်။ တရားမျှတမှုသည် ထိန်းသိမ်းစောင့်စည်းမှုအပေါ် မှီခိုသည်။ မိမိလူများ၏ အကန့်အသတ်များကို သည်းမခံနိုင်သော တိုက်ပွဲတခုသည် နောက်ဆုံးတွင် မိမိဆန့်ကျင်နေသော အာဏာနှင့် တူလာတော့သည်။ အင်စတီကျူးရှင်းများက ဘုရားပမာဖြစ်ပြီး အိုင်ဒီယိုလိုဂျီများက ကျမ်းစာများလို ဖြစ်လာသည်။ 

နိုင်ငံရေးတွင် အန္တရာယ်အရှိဆုံး စိတ်ကူးသည် အတ္တကြီးခြင်းဟုထင်လျှင် မှားလိမ့်မည်။ သည်ထက်ဆိုးတာက ကြံ့ကြံ့ခံနိုင်မှုဟူသည့်အရာကို အထွတ်အမြတ်ထား၍ လူသားတိုင်းကို ယဇ်ပူဇော်ခိုင်းခြင်းသာ ဖြစ်သည်။ ဆင်းရဲဒုက္ခသည် ရိုးသားမှု၏ သက်သေအထောက်အထား ဖြစ်လာသောအခါ၊ ဒဏ်ရာအများဆုံးရသူများကို ကိုယ်ကျင့်တရားဆိုင်ရာ သင်္ကေတများအဖြစ် မြှောက်စားကြသော်လည်း၊ လူသားတယောက်အနေဖြင့်မူ တိတ်တဆိတ် စွန့်ပစ်လိုက်ကြသည်။ ကျွန်ုပ်တို့သည် ကြံ့ကြံ့ခံနိုင်စွမ်းကို လက်ခုပ်တီးကြသည်။ သို့သော် အဘယ်ကြောင့် ကြံ့ကြံ့ခံနေရသနည်းဟု မေးခွန်းထုတ်ရန် မေ့နေကြသည်။

လူတွေက ဘဝတလျှောက်လုံး တွေးခဲ့ဖူးသမျှအကုန် ပေးဆပ်ပြီးပြီ ဆိုပါစို့။ ဒါဆိုရင် တိုက်ပွဲအတွက် ဘာထပ်ပေးစရာ လိုသေးသလဲ။ သူတို့၏ မပျက်မစီး ဆက်လက်ရှင်သန်နေမှုမှလွဲ၍ ဘာမှ ထပ်ပေးစရာ မလိုတော့ပါဟု ပြောလျှင်ကြိုက်ပါ့မည်လော။

  • အပြစ်ရှိစိတ်မဝင်ဘဲ ရှင်သန်ရန်။
  • ရှင်းပြစရာမလိုဘဲ အနားယူရန်။
  • မိမိနေထိုင်ရကျိုးနပ်ကြောင်း သက်သေပြစရာမလိုဘဲ နေထိုင်ရန်။

ဝင်ရောက်ပါဝင်သင့်သော တိုက်ပွဲတခုကိုယ်တိုင်သည် (ဆိုလိုသည်က တိုက်ပွဲတွင် ပါဝင်သူများနှင့် ဦးဆောင်သူများသည်) တိုက်ပွဲအနေဖြင့် မည်မျှယူပြီးပြီ ဆိုသည်ကို တွေးပြီး ရှက်တတ်သင့်သည်။ ပင်ပန်းနွမ်းနယ်နေသူများအနီးတွင် အော်ကြီးဟစ်ကျယ်ကမူးရှူးထိုး မပြောသင့်သည်။ နုတ်ထွက်သွားခြင်းကို သစ္စာဖောက်ခြင်းဟု မမြင်ဘဲ၊ အမှန်တရား ပြောဆိုခြင်းတမျိုးအဖြစ် သဘောထားသင့်သည်။ လှုပ်ရှားမှုတခုသည် နောက်ဆုတ်ရန် လိုအပ်နေသူများအတွက် နေရာပေးနိုင်ခြင်း မရှိပါက၊ အနာဂတ်ကို တည်ဆောက်နေခြင်း မဟုတ်တော့။ ပစ္စုပ္ပန်ကို ဝါးမျိုစားသုံးနေခြင်းသာ ဖြစ်သည်။

သမိုင်းက သတ္တိကို တောင်းဆိုကောင်း တောင်းဆိုပါလိမ့်မည်။ သို့သော် လုံးဝပျက်သုဉ်းသွားခြင်းကို တောင်းဆိုခွင့် မရှိ၊ မရှိသင့်။ လူသားဆန်သော တိုက်ပွဲတခု၏တာဝန်သည် သတ္တိမွေးထားသူများထံမှ အဆုံးမဲ့ ညှစ်ထုတ်ယူရန် မဟုတ်ပါ။ ဂုဏ်သိက္ခာရှိရှိ နေထိုင်ရန်အတွက် အတင်းသတ္တိမွေးစရာမလိုတော့သည့် လောကတခုကို ဒီဇိုင်းဆွဲရန်သာ ဖြစ်သည်။

ထိုအဆင့်ထက် လျော့နည်း၍ လူသားဆန်မှုများကို မစဉ်းစားသည့်အပြောအဟောများကို ကတိကဝတ်ဟု မခေါ်သင့်ပါ။ ယဉ်ကျေးသိမ်မွေ့သော ရက်စက်မှုဟုသာ ခေါ်ရလိမ့်မည်။

Comments

Popular posts from this blog

ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်မှုကို ဆန့်ကျင်၍ (သို့မဟုတ်) အမှားနှင့်မကင်းသော လူသားများကို ကာကွယ်ခြင်း

  လူသားများသည် အမှားလုပ်တတ်ကြသည်။ ဤသည်မှာ အဆိုးမြင်သော ပြောဆိုချက်မဟုတ်ပါ။ ရှိရင်းစွဲ အခြေအနေကို ဖော်ပြခြင်းသာ ဖြစ်သည်။ အချို့အမှားများသည် သေးငယ်ပြီး မေ့ပစ်နိုင်သော်လည်း၊ အချို့မှာမူ ကြီးလေးပြီး ထိခိုက်နစ်နာစေသည်။ လူများသည် လိမ်ညာတတ်ကြသည်။ အာဏာကို အလွဲသုံးစား လုပ်တတ်ကြသည်။ အဂတိ ဖြစ်မည်။ ယုံကြည်မှုကို သစ္စာဖောက်တတ်ကြသည်။ ဤအချက်ကို ငြင်းပယ်ခြင်းဖြင့် စတင်သော မည်သည့် ကိုယ်ကျင့်တရားဟောပြောချက် သို့မဟုတ် နိုင်ငံရေး အတွေးအခေါ်မဆို မျှော်လင့်ချက် ရှိနေသည် မဟုတ်ပါ။ ကျိုးပဲ့လွယ်နေခြင်းသာ ဖြစ်သည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ ယဉ်ကျေးမှုများ (အထူးသဖြင့် နိုင်ငံရေးနှင့် တက်ကြွလှုပ်ရှားမှု နယ်ပယ်များ) တွင် လူ့သဘာဝ၏ ဆန့်ကျင်ဘက်ကို ဘက်ယူဟောပြော ယူဆထားလေ့ ရှိသည်။ တဖက်တွင် လူကောင်းများ ရှိပြီး၊ အခြားတဖက်တွင် လူဆိုးများ ရှိသည်ဟု စိတ်ကူးကြသည်။ သန့်ရှင်းစင်ကြယ်မှု (Purity)၊ ရှေ့နောက်ညီညွတ်မှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သန့်ရှင်းမှုတို့ကို ရှာဖွေကြသည်။ ကျရှုံးမှု ပေါ်လာသောအခါ ထိတ်လန့်သွားကြသည်။ ထို့နောက် ဒေါသထွက်ကြသည်။ ထို့နောက် ဖယ်ထုတ်ပစ်လိုက်ကြသည်။ ပြီးတော့ ထိုသံသရာကို ဆက်လှည့်ကြသည်။ ဤစာသည် ကွဲပြား...

တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း)

ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...

လေးနက်ယောင်ဆောင်ကြသူများ

အာဏာရှင်စနစ်တွေက သူတို့ကိုယ်သူတို့ ဘယ်လိုပြသလဲဆိုတဲ့အပေါ်မှာ သိပ်သတိထားကြပါတယ်။ သူတို့ကိုယ်သူတို့ ရက်စက်တယ်၊ ကြောက်တတ်တယ်၊ ချုပ်ကိုင်လွန်းတယ်လို့ ပြောခဲပါတယ်။ အဲဒီအစား သူတို့က ပိုပြီး လေးစားစရာကောင်းတဲ့ ပုံရိပ်တခုကို ရွေးချယ်ကြပါတယ်။ အဲ့ဒါကတော့ သူတို့က သူတို့ကိုယ်သူတို့ "လေးနက်သူတွေ" (Serious) လို့ သမုတ်ကြတာပါ။ "လေးနက်တယ်" ဆိုတာ တာဝန်သိတဲ့ပုံ ပေါက်ပါတယ်။ ရင့်ကျက်မှု၊ လက်တွေ့ကျမှုနဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ညွှန်းဆိုပါတယ်။ ကမ္ဘာကြီး ဘယ်လိုလည်ပတ်နေသလဲဆိုတာကို ကောင်းကောင်းနားလည်တဲ့ လူကြီးလူကောင်းတွေကပဲ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေသယောင် ထင်ရစေပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ကို ဝေဖန်သူတွေကိုကျတော့ နုံအသူတွေ၊ စိတ်ခံစားချက် ဦးစားပေးသူတွေ၊ စိတ်ကူးယဉ်သမားတွေ (သို့) တာဝန်မဲ့သူတွေအဖြစ် ပုံဖော်လေ့ရှိပါတယ်။ ဒီလို ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ နိုင်ငံရေး မဟာဗျူဟာ တခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးနက်သူလို့ ပြောတာဟာ လက်တွေ့ဘဝအမှန်တရား (Reality) ကို သူတို့ပဲ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားကြောင်း ကြေညာလိုက်တာတမျိုးပါပဲ။ အာဏာရှင်ဆန်တဲ့ တည်ဆောက်ပုံ...