Skip to main content

တိုက်ပွဲသည် အဆုံးမဲ့ညှစ်ထုတ်ယူရန်မဟုတ်

တော်လှန်တိုက်ပွဲဝင်လှုပ်ရှားမှုများတွင် တွေ့ရတတ်သော အသံမထွက်သည့် ရက်စက်မှုတမျိုး ရှိသည်။ အဲ့ဒါက မိမိတို့ကို ကျားကန်ပေးထားသော "လူ" များ၏ အကန့်အသတ်များကို မေ့လျော့သွားခြင်းပင် ဖြစ်သည်။

အစပိုင်းတွင် တိုက်ပွဲတခုက သတ္တိကို တောင်းဆိုသည်။ ထို့နောက် အချိန်ကို တောင်းဆိုသည်။ ထို့နောက် လုံခြုံမှုအဆုံးခံရန်ကို တောင်းဆိုသည်။ နောက်ဆုံးတွင်၊ အထိန်းအကွပ်မရှိပါက လူပုဂ္ဂိုလ်ကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် တောင်းဆိုလာသည်။ ပါဝင်သူတယောက်အဖြစ် မဟုတ်ဘဲ၊ သယံဇာတအရင်းအမြစ်တခုအဖြစ် တောင်းဆိုလာခြင်းကို ဆိုလိုသည်။ ဒီအချိန်ရောက်လာလျှင် ဘာသာစကားအသုံးအနှုန်းက မသိမသာ ပြောင်းလဲသွားတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းကို "ကတိကဝတ်" ဟု အမည်ပြောင်းခေါ်သည်။ စိတ်ကုန်ခမ်းသွားခြင်းကို "ကိုယ်ကျင့်တရား အားနည်းခြင်း" ဟု တံဆိပ်ကပ်သည်။ အနားယူခြင်းသည် သံသယဖြစ်စရာကောင်းသော ဇိမ်ခံပစ္စည်းတခု ဖြစ်လာသည်။

မတရားမှုက အတိုင်းအဆမရှိ တောင်းဆိုလေ့ရှိသောကြောင့် တရားမျှတမှုမှာလည်း အတိုင်းအဆမရှိသော ဆာလောင်မှု ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ချင်ကြသည်။ ဆိုလိုတာက လူသားတို့သည် တရားမျှတမှုကို အဆုံးမရှိ လိုချင်ကြသည်ဟု တွေးမိတတ်သည်။ သို့သော် ဤသည်မှာ မှားယွင်းသော နှိုင်းယှဉ်မှုတခု ဖြစ်သည်။ မတရားမှုသည် လွန်ကဲမှုအပေါ် မှီခိုသည်။ တရားမျှတမှုသည် ထိန်းသိမ်းစောင့်စည်းမှုအပေါ် မှီခိုသည်။ မိမိလူများ၏ အကန့်အသတ်များကို သည်းမခံနိုင်သော တိုက်ပွဲတခုသည် နောက်ဆုံးတွင် မိမိဆန့်ကျင်နေသော အာဏာနှင့် တူလာတော့သည်။ အင်စတီကျူးရှင်းများက ဘုရားပမာဖြစ်ပြီး အိုင်ဒီယိုလိုဂျီများက ကျမ်းစာများလို ဖြစ်လာသည်။ 

နိုင်ငံရေးတွင် အန္တရာယ်အရှိဆုံး စိတ်ကူးသည် အတ္တကြီးခြင်းဟုထင်လျှင် မှားလိမ့်မည်။ သည်ထက်ဆိုးတာက ကြံ့ကြံ့ခံနိုင်မှုဟူသည့်အရာကို အထွတ်အမြတ်ထား၍ လူသားတိုင်းကို ယဇ်ပူဇော်ခိုင်းခြင်းသာ ဖြစ်သည်။ ဆင်းရဲဒုက္ခသည် ရိုးသားမှု၏ သက်သေအထောက်အထား ဖြစ်လာသောအခါ၊ ဒဏ်ရာအများဆုံးရသူများကို ကိုယ်ကျင့်တရားဆိုင်ရာ သင်္ကေတများအဖြစ် မြှောက်စားကြသော်လည်း၊ လူသားတယောက်အနေဖြင့်မူ တိတ်တဆိတ် စွန့်ပစ်လိုက်ကြသည်။ ကျွန်ုပ်တို့သည် ကြံ့ကြံ့ခံနိုင်စွမ်းကို လက်ခုပ်တီးကြသည်။ သို့သော် အဘယ်ကြောင့် ကြံ့ကြံ့ခံနေရသနည်းဟု မေးခွန်းထုတ်ရန် မေ့နေကြသည်။

လူတွေက ဘဝတလျှောက်လုံး တွေးခဲ့ဖူးသမျှအကုန် ပေးဆပ်ပြီးပြီ ဆိုပါစို့။ ဒါဆိုရင် တိုက်ပွဲအတွက် ဘာထပ်ပေးစရာ လိုသေးသလဲ။ သူတို့၏ မပျက်မစီး ဆက်လက်ရှင်သန်နေမှုမှလွဲ၍ ဘာမှ ထပ်ပေးစရာ မလိုတော့ပါဟု ပြောလျှင်ကြိုက်ပါ့မည်လော။

  • အပြစ်ရှိစိတ်မဝင်ဘဲ ရှင်သန်ရန်။
  • ရှင်းပြစရာမလိုဘဲ အနားယူရန်။
  • မိမိနေထိုင်ရကျိုးနပ်ကြောင်း သက်သေပြစရာမလိုဘဲ နေထိုင်ရန်။

ဝင်ရောက်ပါဝင်သင့်သော တိုက်ပွဲတခုကိုယ်တိုင်သည် (ဆိုလိုသည်က တိုက်ပွဲတွင် ပါဝင်သူများနှင့် ဦးဆောင်သူများသည်) တိုက်ပွဲအနေဖြင့် မည်မျှယူပြီးပြီ ဆိုသည်ကို တွေးပြီး ရှက်တတ်သင့်သည်။ ပင်ပန်းနွမ်းနယ်နေသူများအနီးတွင် အော်ကြီးဟစ်ကျယ်ကမူးရှူးထိုး မပြောသင့်သည်။ နုတ်ထွက်သွားခြင်းကို သစ္စာဖောက်ခြင်းဟု မမြင်ဘဲ၊ အမှန်တရား ပြောဆိုခြင်းတမျိုးအဖြစ် သဘောထားသင့်သည်။ လှုပ်ရှားမှုတခုသည် နောက်ဆုတ်ရန် လိုအပ်နေသူများအတွက် နေရာပေးနိုင်ခြင်း မရှိပါက၊ အနာဂတ်ကို တည်ဆောက်နေခြင်း မဟုတ်တော့။ ပစ္စုပ္ပန်ကို ဝါးမျိုစားသုံးနေခြင်းသာ ဖြစ်သည်။

သမိုင်းက သတ္တိကို တောင်းဆိုကောင်း တောင်းဆိုပါလိမ့်မည်။ သို့သော် လုံးဝပျက်သုဉ်းသွားခြင်းကို တောင်းဆိုခွင့် မရှိ၊ မရှိသင့်။ လူသားဆန်သော တိုက်ပွဲတခု၏တာဝန်သည် သတ္တိမွေးထားသူများထံမှ အဆုံးမဲ့ ညှစ်ထုတ်ယူရန် မဟုတ်ပါ။ ဂုဏ်သိက္ခာရှိရှိ နေထိုင်ရန်အတွက် အတင်းသတ္တိမွေးစရာမလိုတော့သည့် လောကတခုကို ဒီဇိုင်းဆွဲရန်သာ ဖြစ်သည်။

ထိုအဆင့်ထက် လျော့နည်း၍ လူသားဆန်မှုများကို မစဉ်းစားသည့်အပြောအဟောများကို ကတိကဝတ်ဟု မခေါ်သင့်ပါ။ ယဉ်ကျေးသိမ်မွေ့သော ရက်စက်မှုဟုသာ ခေါ်ရလိမ့်မည်။

Comments

Popular posts from this blog

တန်ဖိုးထားမှုများက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာသောအခါ

လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော ...

တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း ၂)

ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...