Skip to main content

အိမ်ထဲက နိုင်ငံရေး၊ သွေးထဲက ဒဿန

စာရှုသူ စဉ်းစားကြည့်ဖူးပါသလား။ လူတယောက်က ဘာကြောင့် အာဏာကို လိုလိုလားလား ခွဲဝေပေးရတာလဲ။ တချို့က ဘာလို့ အာဏာကို မက်မောလိုလားသလဲ။ နောက်တယောက်ကျတော့ ဘာကြောင့် အာဏာရှင်ဆန်ဆန် ခေါင်းဆောင်တယောက်ကို တိတ်တိတ်လေး မျှော်လင့်နေရတာလဲ။ ကျောင်းမှာ သင်ခဲ့တဲ့ နိုင်ငံရေးသိပ္ပံ သင်ခန်းစာတွေကြောင့်လို့ ထင်ပါသလား။ ဒါမှမဟုတ် သူတို့ ဖတ်ခဲ့တဲ့ စာအုပ်တွေကြောင့်လား။ တကယ်တော့ အဖြေက ဒီထက်ပိုပြီး နက်ရှိုင်းနိုင်ပါတယ်။ စာရေးသူတို့ရဲ့ နိုင်ငံရေးအမြင်တွေဟာ လွှတ်တော်ထဲမှာ မွေးဖွားတာမဟုတ်ဘဲ၊ ထမင်းဝိုင်းထဲမှာ၊ အိပ်ရာဝင်ပုံပြင်တွေထဲမှာ၊ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေထဲမှာ သန္ဓေတည်ခဲ့တာ ဖြစ်နိုင်ပါတယ်။

မိသားစုဟူသည် ပထမဆုံးသော နိုင်ငံရေးစနစ်


ပြင်သစ် မနုဿဗေဒပညာရှင်နှင့် သမိုင်းပညာရှင် Emmanuel Todd က စိတ်ဝင်စားစရာကောင်းတဲ့ သီအိုရီတခုကို တင်ပြခဲ့ပါတယ်။ သူက "ကမ္ဘာ့မြေပုံပေါ်က နိုင်ငံရေးဝါဒတွေ ကွဲပြားနေတာဟာ မတူညီတဲ့ မိသားစုစနစ် (Family Systems) တွေကြောင့် ဖြစ်တယ်" လို့ ဆိုပါတယ်။

Todd ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ အဓိက မိသားစုပုံစံကြီး နှစ်မျိုး ရှိပါတယ်။

၁။ ဩဇာပဓာနမိသားစု (Authoritarian Family) - ဒီမိသားစုမျိုးမှာ ဖခင်ရဲ့ အာဏာက အရာရာပါပဲ။ သားသမီးတွေ အိမ်ထောင်ကျရင်လည်း မိဘအိမ်မှာပဲ ဆက်နေကြတယ်။ အမွေဆက်ခံမှုမှာ မညီမျှမှုတွေ ရှိတတ်တယ်။ (ဥပမာပေးရရင် ဂျာမနီ၊ ဂျပန်)။ ဒီလို မိသားစုပုံစံ လွှမ်းမိုးတဲ့ ဒေသတွေမှာ ဖက်ဆစ်ဝါဒ သို့မဟုတ် အာဏာရှင်စနစ်တွေ ပိုမို အားကောင်းတတ်တယ်လို့ Todd က သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စိတ်ထဲမှာ "ခေါင်းဆောင်ကောင်းတယောက်က လမ်းပြရင် နိုင်ငံတိုးတက်မယ်" ဆိုတဲ့ ယုံကြည်ချက်က သွေးထဲမှာ ပါနေလို့ပါ။

၂။ အဏုမြူမိသားစု (Nuclear Family) - ဒီပုံစံမှာတော့ သားသမီးတွေ အရွယ်ရောက်ရင် အိမ်ခွဲကြတယ်။ မိဘနဲ့ သားသမီး ဆက်ဆံရေးက သိပ်မတင်းကျပ်ဘူး။ (ဥပမာအားဖြင့် အင်္ဂလန်၊ အမေရိကန်)။ ဒီလိုဒေသတွေမှာ တသီးပုဂ္ဂလ လွတ်လပ်ခွင့် (Individualism) နဲ့ လစ်ဘရယ်ဒီမိုကရေစီက ပိုပြီး အမြစ်တွယ်လွယ်ပါတယ်။ သူတို့အတွက် "လွတ်လပ်မှု" က "လုံခြုံမှု" ထက် ပိုအရေးကြီးလို့ပါ။

ဒါ့အပြင် ညီအစ်ကို မောင်နှမတွေကြား ဆက်ဆံရေးကလည်း အရေးပါပါတယ်။ ညီအစ်ကိုတွေ အားလုံး တန်းတူအခွင့်အရေး ရတဲ့ မိသားစု (Egalitarian Family) တွေဟာ ကွန်မြူနစ်ဝါဒ သို့မဟုတ် ဆိုရှယ်လစ်ဝါဒကို ပိုပြီး လက်ခံလွယ်ကြပါတယ်။ (ဥပမာ - ရုရှား၊ တရုတ်)။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စိတ်ထဲမှာ "ညီမျှခြင်း" (Equality) ဆိုတာ တရားမျှတမှုရဲ့ အနှစ်သာရလို့ ခံယူထားကြလို့ပါပဲ။

ကွန်ဖြူးရှပ် နှင့် အနောက်တိုင်း

အရှေ့တိုင်းကို ကြည့်မယ်ဆိုရင် ကွန်ဖြူးရှပ်ဝါဒ (Confucianism) ရဲ့ အရိပ်အယောင်ကို တွေ့ရပါမယ်။ ကွန်ဖြူးရှပ်က "နိုင်ငံဆိုတာ မိသားစုအကြီးစား" လို့ ဆိုပါတယ်။ ဖခင်ကို ရိုသေသလို မင်းကို ရိုသေရမယ်။ မိသားစု တာဝန်ကို ကျေပွန်မှ လူကောင်းဖြစ်မယ်။ ဒီအမြင်မှာ "ငါ" (Self) ဆိုတာ သီးခြားမရှိဘဲ၊ မိသားစု ကွန်ရက်ထဲက အစိတ်အပိုင်းတခု (Relational Self) သာ ဖြစ်ပါတယ်။ ဒါကြောင့် အာရှနိုင်ငံတွေမှာ "လွတ်လပ်ခွင့်" ထက် "သဟဇာတဖြစ်မှု" (Harmony) နဲ့ "တာဝန်" (Duty) ကို ပိုဦးစားပေးကြတာ မဆန်းပါဘူး။

ဒါကို အနောက်တိုင်းရဲ့ "Individualism" နဲ့ ယှဉ်ကြည့်ပါ။ အနောက်တိုင်းသားတွေက လူတယောက်ချင်းစီဟာ ကိုယ်ပိုင်အခွင့်အရေးနဲ့ မွေးဖွားလာတယ်လို့ ယုံကြည်ကြတယ်။ သူတို့အတွက် မိသားစုဆိုတာ ချစ်ခင်မှုသက်သက်သာ ဖြစ်ပြီး၊ နိုင်ငံရေးတာဝန်ဝတ္တရားတွေနဲ့ မရောထွေးချင်ကြပါဘူး။

သွေးထဲက ဒဿနကို ပြန်လည်ဆန်းစစ်ခြင်း

ဒါဆိုရင် စာရေးသူတို့ဟာ မိသားစုပုံစံခွက်ထဲက မလွတ်မြောက်နိုင်တော့ဘူးလား။ စာရေးသူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်တွေဟာ ကံကြမ္မာလို ပုံသေကျနေပြီလား။

မဟုတ်ပါဘူး။ ဒီနေရာမှာ ချဲ့ထွင်မြင်ဖို့တော့ လိုအပ်လာပါပြီ။ Emmanuel Todd ရဲ့ သီအိုရီက စိတ်ဝင်စားစရာ ကောင်းပေမဲ့၊ လူသားဆိုတာ ပတ်ဝန်းကျင်ရဲ့ သားကောင်သက်သက်လို့ဆိုလိုတာ မဟုတ်ပါဘူး။ စာရေးသူတို့မှာ Agency (ရွေးချယ်ပိုင်ခွင့်) ရှိပါတယ်။ မိသားစုစနစ်က စာရေးသူတို့ရဲ့ "နိုင်ငံရေးအသိစိတ်" (Political Unconscious) ကို လွှမ်းမိုးထားတာ မှန်ပေမဲ့၊ အဲဒီအသိစိတ်ကို ပြန်လည် မေးခွန်းထုတ်နိုင်စွမ်းလည်း စာရေးသူတို့မှာ ရှိပါတယ်။

စာရေးသူတို့ရဲ့ နိုင်ငံရေးအမြင်တွေဟာ "အမှန်တရား" (Absolute Truth) မဟုတ်ဘဲ၊ စာရေးသူတို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က တည်ဆောက်ပေးလိုက်တဲ့ Construct (ဖန်တီးမှု) တခုဖြစ်ကြောင်း သတိပြုမိဖို့ လိုပါတယ်။ နမူနာအားဖြင့် သင်က အာဏာရှင်ကို မုန်းပေမဲ့၊ အိမ်မှာတော့ သားသမီးတွေကို "ငါပြောတာ နားထောင်" လို့ အမိန့်ပေးနေမိသလား။ ဒါဆိုရင် သင့်ရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ လက်တွေ့ဘဝက ဆန့်ကျင်ဘက် ဖြစ်နေပြီမဟုတ်လား။

နားလည်ပေးနိုင်မှု (Empathy) ဆီသို့ 
ဒီအချက်ကို နားလည်လိုက်တာနဲ့ တဖက်သားကို ကြည့်တဲ့အမြင် ပြောင်းသွားပါလိမ့်မယ်။ သူက အာဏာကိုခွဲပေးရတာ မကြိုက်တာ "လူဆိုး" ဖြစ်လို့ ဆိုတာထက်၊ သူ့ရဲ့ ဘဝအတွေ့အကြုံနဲ့ မိသားစုတန်ဖိုးထားမှုတွေက "တည်ငြိမ်မှု" ကို "လွတ်လပ်မှု" ထက် ပိုတန်ဖိုးထားအောင် ပုံသွင်းခံထားရလို့ ဖြစ်နိုင်ပါတယ်။ ထို့အတူပဲ၊ သူက လမ်းပေါ်ထွက် ဆန္ဒပြနေတာ "ခေါင်းမာ" လို့ မဟုတ်ဘဲ၊ သူ့ရဲ့ ကြီးပြင်းမှုပုံစံက "မတရားမှုကို ခေါင်းငုံ့မခံဖို့" သင်ပေးခဲ့လို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘေးကလူတွေကိုရောင်ပြန်ဟပ်တာ (peer pressure) ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေး ဝင်လာပါတယ်။ နိုင်ငံရေးမှာ ကိုယ့်ယုံကြည်ချက်တွေ အရေးကြီးသလို Compromise ဆိုတဲ့ အပေးအယူ သဘောတူညီမှုတွေကလည်း အရေးကြီးပါတယ်။ ဘာတွေကို အမာလိုင်းကိုင်ထားပြီး ဘာတွေကို compromise လုပ်လို့ရတယ်ဆိုတာကို စဉ်းစားဖို့လိုပါတယ်။

ပုစ္ဆာကဘာလဲ
စာရေးသူတို့ လိုချင်တဲ့ "ကောင်းမွန်သော အသိုင်းအဝိုင်း" ဆိုတာ မိသားစုပုံစံ တမျိုးတည်းကို အတင်းအကျပ် ပုံသွင်းယူလို့ မရပါဘူး။ အဲဒီအစား၊ မတူညီတဲ့ မိသားစုနောက်ခံတွေကနေ လာတဲ့ လူသားတွေအချင်းချင်း၊ ကိုယ့်ရဲ့ "သွေးထဲက ဒဿန" တွေကို သတိပြုမိပြီး၊ အပြန်အလှန် နားလည်မှု (Understanding) နဲ့ ညှိနှိုင်းယူရမယ့် မဟာဗျူဟာမြောက် လမ်းကြောင်း (Strategic Path) သာ ဖြစ်ပါတယ်။

အိမ်ထဲက နိုင်ငံရေးကို ပြုပြင်ပြောင်းလဲခြင်းဟာ လွှတ်တော်ထဲက နိုင်ငံရေးကို ပြောင်းလဲဖို့ ပထမဆုံး ခြေလှမ်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီခြေလှမ်းက "သူများအိမ်ကို လက်ညှိုးထိုးခြင်း" မဟုတ်ဘဲ၊ "မိမိအိမ်တွင်းရေးကို ပြန်လည်ဆန်းစစ်ခြင်း" သာ ဖြစ်သင့်ပါတယ်။

Comments

Popular posts from this blog

တန်ဖိုးထားမှုများက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာသောအခါ

လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော ...

တိုက်ပွဲသည် အဆုံးမဲ့ညှစ်ထုတ်ယူရန်မဟုတ်

တော်လှန်တိုက်ပွဲဝင်လှုပ်ရှားမှုများတွင် တွေ့ရတတ်သော အသံမထွက်သည့် ရက်စက်မှုတမျိုး ရှိသည်။ အဲ့ဒါက မိမိတို့ကို ကျားကန်ပေးထားသော "လူ" များ၏ အကန့်အသတ်များကို မေ့လျော့သွားခြင်းပင် ဖြစ်သည်။ အစပိုင်းတွင် တိုက်ပွဲတခုက သတ္တိကို တောင်းဆိုသည်။ ထို့နောက် အချိန်ကို တောင်းဆိုသည်။ ထို့နောက် လုံခြုံမှုအဆုံးခံရန်ကို တောင်းဆိုသည်။ နောက်ဆုံးတွင်၊ အထိန်းအကွပ်မရှိပါက လူပုဂ္ဂိုလ်ကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် တောင်းဆိုလာသည်။ ပါဝင်သူတယောက်အဖြစ် မဟုတ်ဘဲ၊ သယံဇာတအရင်းအမြစ်တခုအဖြစ် တောင်းဆိုလာခြင်းကို ဆိုလိုသည်။ ဒီအချိန်ရောက်လာလျှင် ဘာသာစကားအသုံးအနှုန်းက မသိမသာ ပြောင်းလဲသွားတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းကို "ကတိကဝတ်" ဟု အမည်ပြောင်းခေါ်သည်။ စိတ်ကုန်ခမ်းသွားခြင်းကို "ကိုယ်ကျင့်တရား အားနည်းခြင်း" ဟု တံဆိပ်ကပ်သည်။ အနားယူခြင်းသည် သံသယဖြစ်စရာကောင်းသော ဇိမ်ခံပစ္စည်းတခု ဖြစ်လာသည်။ မတရားမှုက အတိုင်းအဆမရှိ တောင်းဆိုလေ့ရှိသောကြောင့် တရားမျှတမှုမှာလည်း အတိုင်းအဆမရှိသော ဆာလောင်မှု ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ချင်ကြသည်။ ဆိုလိုတာက လူသားတို့သည် တရားမျှတမှုကို အဆုံးမရှိ လိုချင်ကြသည်ဟု တွေးမိတတ်သည်။ သို့...