Skip to main content

နယ်နိမိတ်များနှင့် ဘဝအဓိပ္ပာယ်


စာရေးသူတို့ လူသားတွေဟာ ဘဝရဲ့ အဓိပ္ပာယ်ကို အဆက်မပြတ် ရှာဖွေနေကြတာပဲ မဟုတ်လား။ စာရေးသူတို့ရဲ့ အလုပ်၊ မိသားစု၊ ယုံကြည်မှုတွေမှာ အနှစ်သာရရှိဖို့ကို လိုလားကြတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ဆိုတာကို နေရာတိုင်းမှာ၊ အရာအားလုံးထဲမှာ ရှာလို့မရဘူး။ အဓိပ္ပာယ်ရှိဖို့ဆိုရင် မလွဲမသွေ နယ်နိမိတ်တွေကို လိုအပ်တယ်။ နယ်နိမိတ် (အကန့်တွေ) ဆိုတာ ထောင်ချောက်တွေတင် ဖြစ်နိုင်တာမဟုတ်ဘူး။ အာရုံစူးစိုက်မှုအတွက် ဘောင် (Framework of Focus) တခုလည်း ဖြစ်နိုင်တယ်။

စာရေးသူတို့ရဲ့ အာရုံစိုက်မှုက အကန့်အသတ် ရှိတယ်။ စာရေးသူတို့ရဲ့ ချစ်ခြင်းမေတ္တာ၊ အချိန်၊ စွမ်းအင်တွေကလည်း အကန့်အသတ်ရှိတယ်။ တကမ္ဘာလုံးကို တပြိုင်နက် ဂရုစိုက်ပြဖို့ကြိုးစားရင်၊ နောက်ဆုံးမှာ ဘယ်သူ့ကိုမှ စစ်မှန်စွာ ဂရုစိုက်မိမှာ မဟုတ်ဘူး။ နယ်နိမိတ်ဆိုတာ တန်ဖိုးထားရမယ့် အရာတွေကို ရွေးချယ်တာပဲ။ စာရေးဆရာ တယောက်ဟာ စာအုပ်တအုပ်ကို အဓိပ္ပာယ်ရှိစေဖို့အတွက် မရေးသင့်တဲ့ စကားလုံးတွေ၊ မထည့်သင့်တဲ့ ဇာတ်လမ်းပိုင်းတွေကို ချန်လှပ်ထားရတယ်။ ပန်းချီဆရာ တယောက်ဟာ ပန်းချီကား တချပ်ကို အသက်ဝင်စေဖို့ အရောင်စုံအားလုံးကို မသုံးဘဲ၊ အရောင်အနည်းငယ်ကိုသာ ရွေးချယ်ရတာပဲ။

နယ်နိမိတ်မရှိတဲ့ လွတ်လပ်မှုဟာ အဓိပ္ပာယ်ကို ဖျက်ဆီးပစ်နိုင်တယ်။ ဘာလုပ်ရမယ်မှန်း မသိတဲ့အခါ၊ စာရေးသူတို့ဟာ လုပ်နိုင်စရာတွေ အများကြီးထဲမှာ ပိတ်မိနေပြီး နောက်ဆုံးမှာ ဘာတခုမှ မပြီးမြောက်ဘဲ ဘာတခုမှလည်း တကယ်အရေးမကြီးတော့ဘူးလို့ ခံစားရတတ်တယ်။ အဲဒါကိုပဲ "အဆုံးမဲ့လွတ်လပ်မှုကလာတဲ့ ပင်ပန်းနွမ်းနယ်မှု" လို့ ခေါ်နိုင်တယ်။ ကိုယ့်ကိုယ်ကို ဘယ်အရာတွေအတွက် အချိန်ပေးမယ်၊ ဘယ်အရာတွေအတွက် စိတ်မပူပန်ဘူးဆိုတာ ရွေးချယ်လိုက်တဲ့အခါ၊ စာရေးသူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာဟာ စတင်ပုံပေါ်လာတယ်။ ဒါကြောင့် နယ်နိမိတ်တွေဟာ စာရေးသူတို့ကို ညှဉ်းပန်းနှိပ်စက်ဖို့ မဟုတ်ဘဲ၊ စာရေးသူတို့ ဘယ်သူဖြစ်လာမယ်၊ ဘာကို အလေးထားမယ်ဆိုတာကို ပြသဖို့အတွက် ဖြစ်တယ်။ အဲဒီလို ရွေးချယ်ထားတဲ့ နယ်နိမိတ်အတွင်းမှာမှသာ စစ်မှန်တဲ့ သစ္စာရှိမှုနဲ့ နှစ်မြှုပ်မှုတွေ ပေါက်ဖွားလာနိုင်ပြီး ဘဝက တိကျပြတ်သားတဲ့ အဓိပ္ပာယ်ကို ဆောင်နိုင်မှာ ဖြစ်တယ်။

နယ်နိမိတ် ချမှတ်တာဟာ အဓိပ္ပာယ်ကို ဖော်ဆောင်ပေးတယ်ဆိုပေမဲ့၊ ဒီနယ်နိမိတ်တွေဟာ မာကျောလွန်းပြီး ဖိနှိပ်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာကို သတိပြုရမယ်။ လူမှုရေးအရဖြစ်ဖြစ်၊ ကိုယ်ပိုင်ဘဝမှာဖြစ်ဖြစ် အခိုင်အမာ သတ်မှတ်ထားတဲ့ နယ်နိမိတ်တွေက တိုးတက်ပြောင်းလဲမှုကို တားဆီးနိုင်တယ်။ ဥပမာအားဖြင့် ဘဝတခုလုံးကို တခုတည်းသော ရည်ရွယ်ချက်၊ တခုတည်းသော ယုံကြည်မှုနဲ့ပဲ သတ်မှတ်လိုက်တဲ့အခါ၊ ပတ်ဝန်းကျင်က အပြောင်းအလဲတွေ ဒါမှမဟုတ် ကိုယ်ပိုင် အတွေးအခေါ် အသစ်တွေကို လက်ခံဖို့ ခက်ခဲသွားတယ်။ ဒီလိုအခါမျိုးမှာ နယ်နိမိတ်ဟာ အကာအကွယ် မဟုတ်တော့ဘဲ၊ စာရေးသူတို့ကို ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ ထောင်နံရံ ဖြစ်လာတတ်တယ်။

ဒါကြောင့် စာရေးသူတို့ဟာ နယ်နိမိတ်တွေကို စိစစ်သုံးသပ်တာတော့ လုပ်ရမယ်။ စိစစ်သုံးသပ်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ (Flexible) ပုံစံမျိုးကို ဖြစ်နေဖို့ လိုအပ်တယ်။ ဘဝအဓိပ္ပာယ်ဆိုတာ တသမတ်တည်း မရှိဘဲ အတွေ့အကြုံတွေနဲ့အတူ ပြောင်းလဲနေတာပဲ။ တိကျတဲ့ နယ်နိမိတ်ကို ချမှတ်ထားသော်လည်း အဲဒီ နယ်နိမိတ်ကို ပြန်လည် မေးခွန်းထုတ်ဖို့၊ အသစ်တဖန် ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ စိတ်အားထက်သန်မှုကို စာရေးသူတို့မှာ ပိုင်ဆိုင်ထားရမယ်။ ဒီလိုမှသာ နယ်နိမိတ်တွေဟာ စာရေးသူတို့ကို ထိန်းချုပ်မယ့် အရာတွေ မဟုတ်ဘဲ၊ ရည်ရွယ်ချက်ရှိရှိ ရှင်သန်နိုင်ဖို့ အထောက်အကူပြုတဲ့ ကိရိယာတွေအဖြစ် တည်ရှိနေမှာ ဖြစ်တယ်လို့ ဆိုချင်တယ်။

တကယ်တော့ နယ်နိမိတ် ချမှတ်တယ်ဆိုတာ စွန့်လွှတ်ခြင်းဝိဇ္ဇာပညာတခုပဲ။ အရေးမကြီးတဲ့အရာတွေကို စွန့်လွှတ်လိုက်တဲ့အခါ၊ စာရေးသူတို့ရဲ့ စွမ်းအင်တွေက တကယ်အရေးကြီးတဲ့ အရာတွေဆီကို စီးဆင်းသွားတယ်။ နယ်နိမိတ် မသတ်မှတ်ရင် အရာအားလုံးက "ဖြစ်နိုင်ချေ" အဆင့်မှာပဲ ရှိနေပြီး အရာတခုမှ "လက်တွေ့အကောင်အထည်ဖော်မှု" ဖြစ်မလာဘူး။ စစ်မှန်တဲ့ ဘဝအဓိပ္ပာယ်ဆိုတာ အကန့်အသတ်မဲ့ လွတ်လပ်မှုထဲမှာ ရှိတာ မဟုတ်ဘဲ၊ မိမိတို့ ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ တိကျတဲ့ တာဝန်ယူမှုနဲ့ ရည်ရွယ်ချက်ရှိတဲ့ ကန့်သတ်ချက်တွေထဲမှာပဲ တည်ရှိနေတယ်လို့ တွေ့ကြရပါလိမ့်မယ်။

Comments

Popular posts from this blog

တန်ဖိုးထားမှုများက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာသောအခါ

လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော ...

အိမ်ထဲက နိုင်ငံရေး၊ သွေးထဲက ဒဿန

စာရှုသူ စဉ်းစားကြည့်ဖူးပါသလား။ လူတယောက်က ဘာကြောင့် အာဏာကို လိုလိုလားလား ခွဲဝေပေးရတာလဲ။ တချို့က ဘာလို့ အာဏာကို မက်မောလိုလားသလဲ။ နောက်တယောက်ကျတော့ ဘာကြောင့် အာဏာရှင်ဆန်ဆန် ခေါင်းဆောင်တယောက်ကို တိတ်တိတ်လေး မျှော်လင့်နေရတာလဲ။ ကျောင်းမှာ သင်ခဲ့တဲ့ နိုင်ငံရေးသိပ္ပံ သင်ခန်းစာတွေကြောင့်လို့ ထင်ပါသလား။ ဒါမှမဟုတ် သူတို့ ဖတ်ခဲ့တဲ့ စာအုပ်တွေကြောင့်လား။ တကယ်တော့ အဖြေက ဒီထက်ပိုပြီး နက်ရှိုင်းနိုင်ပါတယ်။ စာရေးသူတို့ရဲ့ နိုင်ငံရေးအမြင်တွေဟာ လွှတ်တော်ထဲမှာ မွေးဖွားတာမဟုတ်ဘဲ၊ ထမင်းဝိုင်းထဲမှာ၊ အိပ်ရာဝင်ပုံပြင်တွေထဲမှာ၊ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေထဲမှာ သန္ဓေတည်ခဲ့တာ ဖြစ်နိုင်ပါတယ်။ မိသားစုဟူသည် ပထမဆုံးသော နိုင်ငံရေးစနစ် ပြင်သစ် မနုဿဗေဒပညာရှင်နှင့် သမိုင်းပညာရှင် Emmanuel Todd က စိတ်ဝင်စားစရာကောင်းတဲ့ သီအိုရီတခုကို တင်ပြခဲ့ပါတယ်။ သူက "ကမ္ဘာ့မြေပုံပေါ်က နိုင်ငံရေးဝါဒတွေ ကွဲပြားနေတာဟာ မတူညီတဲ့ မိသားစုစနစ် (Family Systems) တွေကြောင့် ဖြစ်တယ်" လို့ ဆိုပါတယ်။ Todd ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ အဓိက မိသားစုပုံစံကြီး နှစ်မျိုး ရှိပါတယ်။ ၁။ ဩဇာပဓာနမိသားစု (Authoritarian Family) - ဒီမိသားစုမျိုးမှာ ဖခင်ရဲ့ အာဏ...

တိုက်ပွဲသည် အဆုံးမဲ့ညှစ်ထုတ်ယူရန်မဟုတ်

တော်လှန်တိုက်ပွဲဝင်လှုပ်ရှားမှုများတွင် တွေ့ရတတ်သော အသံမထွက်သည့် ရက်စက်မှုတမျိုး ရှိသည်။ အဲ့ဒါက မိမိတို့ကို ကျားကန်ပေးထားသော "လူ" များ၏ အကန့်အသတ်များကို မေ့လျော့သွားခြင်းပင် ဖြစ်သည်။ အစပိုင်းတွင် တိုက်ပွဲတခုက သတ္တိကို တောင်းဆိုသည်။ ထို့နောက် အချိန်ကို တောင်းဆိုသည်။ ထို့နောက် လုံခြုံမှုအဆုံးခံရန်ကို တောင်းဆိုသည်။ နောက်ဆုံးတွင်၊ အထိန်းအကွပ်မရှိပါက လူပုဂ္ဂိုလ်ကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် တောင်းဆိုလာသည်။ ပါဝင်သူတယောက်အဖြစ် မဟုတ်ဘဲ၊ သယံဇာတအရင်းအမြစ်တခုအဖြစ် တောင်းဆိုလာခြင်းကို ဆိုလိုသည်။ ဒီအချိန်ရောက်လာလျှင် ဘာသာစကားအသုံးအနှုန်းက မသိမသာ ပြောင်းလဲသွားတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းကို "ကတိကဝတ်" ဟု အမည်ပြောင်းခေါ်သည်။ စိတ်ကုန်ခမ်းသွားခြင်းကို "ကိုယ်ကျင့်တရား အားနည်းခြင်း" ဟု တံဆိပ်ကပ်သည်။ အနားယူခြင်းသည် သံသယဖြစ်စရာကောင်းသော ဇိမ်ခံပစ္စည်းတခု ဖြစ်လာသည်။ မတရားမှုက အတိုင်းအဆမရှိ တောင်းဆိုလေ့ရှိသောကြောင့် တရားမျှတမှုမှာလည်း အတိုင်းအဆမရှိသော ဆာလောင်မှု ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ချင်ကြသည်။ ဆိုလိုတာက လူသားတို့သည် တရားမျှတမှုကို အဆုံးမရှိ လိုချင်ကြသည်ဟု တွေးမိတတ်သည်။ သို့...