Skip to main content

အဆင်သင့်ဖြစ်မဖြစ်

အာဏာရဖို့ (သို့) အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ဆိုရင် အရင်ဆုံး "အဆင်သင့်ဖြစ်ပြီ" ဆိုတာကို သက်သေပြဖို့ လိုတယ်ဆိုတဲ့ ထူးဆန်းတဲ့ အယူအဆတခု ရှိပါတယ်။ ဒီအယူအဆက ရယ်စရာကောင်းသလို အန္တရာယ်လည်း ကြီးပါတယ်။


အစိုးရပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုခုမှာပဲဖြစ်ဖြစ် အဖွဲ့တိုင်းမှာ ဘယ်သူတွေက "အဆင်သင့်ဖြစ်ပြီလဲ" ဆိုတာကို ဆုံးဖြတ်ပေးတဲ့ တရားဝင်မဟုတ်တဲ့ လူတစု ရှိတတ်ပါတယ်။ သူတို့ကို ဘယ်သူမှ မဲပေးရွေးချယ်ထားတာ မဟုတ်ပေမဲ့ သူတို့မှာ အာဏာရှိပါတယ်။ သူတို့ရဲ့ စစ်ဆေးမယ့်စာရင်း (Checklist) က လျှို့ဝှက်ချက်ဆိုပေမဲ့ လူတိုင်းလိုလို ရိပ်မိနေကြပါတယ်။ "အဆင်သင့်ဖြစ်ပြီ" လို့ အပြောခံရဖို့ဆိုရင် များသောအားဖြင့် ဒီအချက်တွေ လိုတတ်ပါတယ်။


လက်ရှိ အာဏာရှိနေတဲ့သူတွေ ပြောသလို၊ လုပ်သလို လိုက်လုပ်ပြရမယ်။
ဘယ်သူမှ ထုတ်မပြောပေမဲ့ အားလုံးသိနေတဲ့ စည်းမျဉ်းတွေကို နားလည်ရမယ်။
ခက်ခဲတဲ့မေးခွန်းတွေ မေးပြီး လက်ရှိခေါင်းဆောင်တွေကို သိပ်စိတ်မသက်မသာ မဖြစ်စေရဘူး။


တိုတိုပြောရရင် "အဆင်သင့်ဖြစ်ပြီ" ဆိုတာ "ငါတို့နဲ့ တူနေပြီ" လို့ ပြောတာပါပဲ။
လူတွေက "လုပ်ပိုင်ခွင့်အာဏာ" (Mandate) ဆိုတဲ့ စကားလုံးကိုလည်း သုံးကြပါတယ်။ နားထောင်လို့တော့ ကောင်းပါတယ်၊ ပြည်သူတွေက ကိုယ့်ကို ရွေးချယ်လိုက်သလိုပေါ့။ ဒါပေမဲ့ အများအားဖြင့်ကတော့ ဒါဟာ ဟိုအရင်က အာဏာတည်ဆောက်ပုံ အဟောင်းကိုပဲ ခမ်းနားအောင် နာမည်လှလှ တပ်ထားတာပါ။ ဒီလုပ်ပိုင်ခွင့်ရဖို့ စည်းကမ်းတွေကို အဲဒီလုပ်ပိုင်ခွင့် ရပြီးသားလူတွေကပဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ သူတို့အချင်းချင်း လည်နေတဲ့ စက်ဝိုင်းပါပဲ။ ထိပ်ပိုင်းရောက်ဖို့ လုပ်ပိုင်ခွင့် လိုတယ်လို့ သူတို့က ပြောပေမဲ့၊ သူတို့လို တွေးတတ်၊ သူတို့လို လုပ်တတ်တဲ့ လူတွေကိုမှ ဒီလုပ်ပိုင်ခွင့်ကို ပေးတာပါ။


ဒီစနစ်ကြီးက ပြဿနာတခုကို တကယ်အသိဆုံးလူတွေကို အပြင်ရောက်သွားအောင် တွန်းထုတ်ပစ်လိုက်ပါတယ်။ ကိစ္စတခုကြောင့် ကိုယ့်ဘဝ ထိခိုက်နစ်နာနေရရင်တောင်၊ ကိုယ်က "စိတ်ခံစားချက် သိပ်ပါလွန်းတယ်" (ဒါမှမဟုတ်) "ဒီကိစ္စနဲ့ သိပ်နီးစပ်လွန်းတယ်" ဆိုပြီး အဖြေရှာတဲ့နေရာမှာ မပါဝင်ခိုင်းတတ်ကြပါဘူး။ သူတို့က ပြဿနာနဲ့ ဝေးနေတာကို "ဓမ္မဓိဋ္ဌာန်ကျတယ်" လို့ အထင်မှားတတ်ကြပါတယ်။ သက်သောင့်သက်သာ ဖြစ်နေတာကို လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ရောထွေးတတ်ကြပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ပြဿနာဒဏ် အနည်းဆုံးခံရမယ့် လူတွေကပဲ လူအားလုံးအတွက် စည်းမျဉ်းတွေ ချမှတ်တဲ့သူတွေ ဖြစ်လာကြပါတယ်။


ပြီးတော့ ဒါက လူကြီးတွေကို ကလေးတွေလို ဆက်ဆံတာမျိုးလည်း ဖြစ်နေပါတယ်။ လူအုပ်စုကြီးတွေကို "တာဝန်ယူဖို့ အဆင်သင့်မဖြစ်သေးဘူး"၊ "ရှုပ်ထွေးတဲ့ ရွေးချယ်မှုတွေကို ကိုင်တွယ်ဖို့ ရင့်ကျက်မှုမရှိသေးဘူး" (ဒါမှမဟုတ်) "ကိုယ့်အတွက် ဘာကောင်းလဲဆိုတာ သိဖို့ ပညာမတတ်သေးဘူး" လို့ ပြောလေ့ရှိပါတယ်။ "အဆင်သင့်ဖြစ်မှု" ဆိုတာ ရွေ့နေတဲ့ ပန်းတိုင်တခု ဖြစ်လာပြီး၊ ကိုယ်နဲ့ ဘယ်တော့မှ လက်လှမ်းမမီအောင် ပိုပိုဝေးသွားတတ်ပါတယ်။ "တနေ့ကျရင် မင်း ပါဝင်ခွင့်ရမှာပါ" ဆိုတဲ့ ကတိဟာ တကယ်တော့ ဒီနေ့မှာ မင်းကို ထိန်းချုပ်ထားဖို့ သုံးတဲ့ လက်နက်တခုပါပဲ။


မေးခွန်းတခုကို ပြတ်ပြတ်သားသား မေးသင့်ပါတယ်။ "အဆင်သင့်ဖြစ်မှု" အစစ်အမှန်ဆိုတာ ရှားပါးပြီး ထူးခြားတဲ့အရာလို့ လူတိုင်းကို ပြောနေတာ ဘယ်သူ့အတွက် အကျိုးရှိလို့လဲ။ အဖြေကတော့ ဆုံးဖြတ်ချက်ချနေပြီးသား လူတွေအတွက်ပါပဲ။ သူတို့အတွက်ကတော့ အာဏာရှိနေရတာဟာ လေးလံတဲ့ တာဝန်တခု မဟုတ်ပါဘူး။ ဒါတောင် တခါတလေ အာဏာရှိရတာ မတော်တဆဖြစ်လာပြီး ဝန်ထုပ်ဝန်ပိုးပေးခံရသလို လုပ်ပါသေးတယ်။ သက်သောင့်သက်သာရှိတဲ့ အကျင့်တခုပါ။ ဟိုတခါက ငိုပြတဲ့ သူဌေးကြီးကို မှတ်မိပါသလား။ ဒါမှမဟုတ် ညည်းညူတော်မူကြတဲ့ ကိုယ်စားလှယ်တော်ကြီးများ ဝန်ကြီးများအသီးသီးကို မှတ်မိပါသလား။ ဒါမှမဟုတ် စကစနဲ့ အပေါင်းအပါကောင်စီဝင်များကို သွားကြည့်လိုက်ပါ။ သူတို့ကြွေးကြော်တဲ့ "လုပ်ပိုင်ခွင့်" ဆိုတာ တကယ်တမ်း ပြည်သူ့ထောက်ခံမှုနဲ့ မဆိုင်ပါဘူး။ သူတို့ကို ဘယ်သူမှ စိန်မခေါ်ရဲအောင် ကာကွယ်ထားတဲ့ ဒိုင်းတခုသာ ဖြစ်ပါတယ်။
လူတွေ တွေးတာ ပြောင်းပြန်ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အဆင်သင့်ဖြစ်အောင် အရင်သင်ယူပြီးမှ ဆုံးဖြတ်ခွင့်ရတာ မဟုတ်ဘဲ၊ ဆုံးဖြတ်ချက်ချရင်း၊ လက်တွေ့လုပ်ရင်း၊ သင်ယူရင်းနဲ့မှ အဆင်သင့် ဖြစ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အားလုံးက လူငယ်ဘဝက တက်လာတာ မဟုတ်လား။ 


ပြီးတော့ "လုပ်ပိုင်ခွင့်" (Mandate) ဆိုတာကို တသက်လုံး အုပ်ချုပ်ဖို့ ပေးထားတဲ့ လိုင်စင်လို့ မမြင်ဘဲ၊ ကိုယ်က ပြည်သူကို စိတ်ပျက်အောင်လုပ်ရင် ပြည်သူက အချိန်မရွေး ပြန်ရုပ်သိမ်းနိုင်တဲ့ ယာယီယုံကြည်မှုတခုအဖြစ် မြင်သင့်ပါတယ်။ ဒါက စနစ်လည်းကျတယ်၊ အာဏာရှင်တိုင်းဆီကလည်း ကာကွယ်နိုင်တယ်။
ဆုံးဖြတ်ချက်ချပိုင်ခွင့်ဆိုတာ သက်ဆိုင်သူ အားလုံးရဲ့ အလုပ်လို့ မသတ်မှတ်ဘဲ၊ လူနည်းစုအတွက် သီးသန့်ဆုလာဘ်တခုလို သတ်မှတ်တဲ့ ဘယ်စနစ်မဆို သူ့ရဲ့ သဘောထားအမှန်ကို ပြလိုက်တာပါပဲ။ ဘယ်သူက အရေးပါတယ်၊ ဘယ်သူက အရေးမပါဘူးဆိုတာ သူ ဆုံးဖြတ်လိုက်တာပါ။


အာဏာတည်ဆောက်ပုံတခု မမျှတဘူးဆိုတာကို ပြနေတဲ့ အကြီးမားဆုံး သဲလွန်စက ခေါင်းဆောင်တွေ အားနည်းနေတာ မဟုတ်ပါဘူး။ နောက်ထပ် လူတွေကို သူတို့နဲ့တန်းတူပါဝင်ခွင့်ပေးဖို့ သူတို့ ကြောက်ရွံ့နေတာပဲ ဖြစ်ပါလိမ့်မယ်။

 

 

Comments

Popular posts from this blog

တန်ဖိုးထားမှုများက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာသောအခါ

လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော ...

တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း ၂)

ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...

ဘာသာစကားမပါဘဲ ပဋိညာဉ်တခု ဖြစ်နိုင်ပါသလား

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူနေတာဟာ ဆက်ဆံရေးတခုလို့ စာရေးသူတို့ ပြောလေ့ရှိပါတယ်။ တခါတရံ "အပြန်အလှန်ဆက်ဆံရေး" လို့တောင် အဆင့်မြှင့်ပြီး ပြောကြသေးတယ်။ "ငါတို့က တယောက်ကိုတယောက် ကယ်တင်ခဲ့ကြတာ"၊ "ငါတို့က ရွေးချယ်ခဲ့ကြတာ"၊ "ငါတို့က အတူတူရှိနေဖို့ ဖန်တီးထားတာ" ဆိုတဲ့ စကားလုံးလေးတွေက နားထောင်လို့ကောင်းသလို အကြောင်းပြချက်ခိုင်လုံသလိုလည်း ထင်ရပါတယ်။ ဒီစကားတွေထဲမှာ အတွေးအခေါ်ဆိုင်ရာ ငြင်းချက်တခု တိတ်တဆိတ်ပါနေတတ်တယ်- အဲဒါကတော့ လူနဲ့ တိရစ္ဆာန်ကြားမှာ "လူမှုပဋိညာဉ် (Social Contract)" လိုမျိုး သဘောတူညီချက်တခု ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ စာချုပ်ဆိုတဲ့အရာတွေက ရှေးရိုးအမြင်အရ ဘာသာစကားနဲ့ ချည်နှောင်ထားတာ ဖြစ်ပါတယ်။ သဘောတူညီချက်တခု ဖြစ်မြောက်ဖို့ နှစ်ဖက်စလုံးက စည်းကမ်းချက်တွေကို နားလည်နိုင်ရမယ်၊ မေးခွန်းထုတ်နိုင်ရမယ်၊ ပြီးရင် ငြင်းပယ်နိုင်ရမယ်လို့ ယူဆထားပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကတော့ လူစကားနဲ့ ဒါတွေ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ စာရေးသူတို့က သဘောတူညီချက်တခု ရှိနေသလိုမျိုး ပြောနေကြတုန်းပါပဲ။ ဒီစာကတော့ မေတ္တာတရား ဒါမှမဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယ...