Skip to main content

ဘာသာစကားမပါဘဲ ပဋိညာဉ်တခု ဖြစ်နိုင်ပါသလား

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူနေတာဟာ ဆက်ဆံရေးတခုလို့ စာရေးသူတို့ ပြောလေ့ရှိပါတယ်။ တခါတရံ "အပြန်အလှန်ဆက်ဆံရေး" လို့တောင် အဆင့်မြှင့်ပြီး ပြောကြသေးတယ်။ "ငါတို့က တယောက်ကိုတယောက် ကယ်တင်ခဲ့ကြတာ"၊ "ငါတို့က ရွေးချယ်ခဲ့ကြတာ"၊ "ငါတို့က အတူတူရှိနေဖို့ ဖန်တီးထားတာ" ဆိုတဲ့ စကားလုံးလေးတွေက နားထောင်လို့ကောင်းသလို အကြောင်းပြချက်ခိုင်လုံသလိုလည်း ထင်ရပါတယ်။ ဒီစကားတွေထဲမှာ အတွေးအခေါ်ဆိုင်ရာ ငြင်းချက်တခု တိတ်တဆိတ်ပါနေတတ်တယ်- အဲဒါကတော့ လူနဲ့ တိရစ္ဆာန်ကြားမှာ "လူမှုပဋိညာဉ် (Social Contract)" လိုမျိုး သဘောတူညီချက်တခု ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။


ဒါပေမဲ့ စာချုပ်ဆိုတဲ့အရာတွေက ရှေးရိုးအမြင်အရ ဘာသာစကားနဲ့ ချည်နှောင်ထားတာ ဖြစ်ပါတယ်။ သဘောတူညီချက်တခု ဖြစ်မြောက်ဖို့ နှစ်ဖက်စလုံးက စည်းကမ်းချက်တွေကို နားလည်နိုင်ရမယ်၊ မေးခွန်းထုတ်နိုင်ရမယ်၊ ပြီးရင် ငြင်းပယ်နိုင်ရမယ်လို့ ယူဆထားပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကတော့ လူစကားနဲ့ ဒါတွေ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ စာရေးသူတို့က သဘောတူညီချက်တခု ရှိနေသလိုမျိုး ပြောနေကြတုန်းပါပဲ။ ဒီစာကတော့ မေတ္တာတရား ဒါမှမဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယူမှုကို ငြင်းချက်ထုတ်ဖို့ ကြိုးစားနေတာမဟုတ်ဘဲ၊ ပိုရိုးရှင်းပြီး ပိုနေရခက်တဲ့ မေးခွန်းတခုကို မေးချင်တာပါ။ "ဘာသာစကားမပါဘဲ ပဋိညာဉ်တခု ဖြစ်နိုင်ပါသလား။"


ရှေးရိုးလူမှုပဋိညာဉ်သီအိုရီတွေဟာ တကယ်တမ်း မဖြစ်ခဲ့ဖူးတဲ့ အမြင်တခုကို စိတ်ကူးပုံဖော်ထားကြတယ်။ လူတဦးချင်းစီက တန်းတူညီမျှတွေ့ဆုံကြပြီး၊ ဆွေးနွေးမှုတွေကတဆင့် အတူတကွနေထိုင်ဖို့ စည်းမျဉ်းတွေကို သဘောတူကြတယ်ဆိုတာမျိုးပေါ့။ ဂျွန်လော့ခ်အတွက်ဆိုရင် ဒီသဘောတူညီချက်ဟာ နိုင်ငံရေးလူ့အဖွဲ့အစည်းတခုအတွက် တခုတည်းသော တရားဝင်အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဘာသာစကားဆိုတာ ဒီနေရာမှာ အခြေခံအုတ်မြစ်ပါ။ ဘာသာစကားမပါဘဲနဲ့ သဘောတူညီချက်ဆိုတဲ့ အယူအဆဟာ ယိုင်နဲ့သွားပါလိမ့်မယ်။


အဓိပ္ပာယ်ဖွင့်ဆိုချက်အရကိုက အိမ်မွေးတိရစ္ဆာန်တွေဟာ ဒီမြင်ကွင်းရဲ့အပြင်ဘက်ကို ရောက်နေပါတယ်။ ဆက်ဆံရေးမစခင်မှာ စည်းကမ်းတွေကို သူတို့နားမလည်ပါဘူး။ အစားအစာ၊ နေရာထိုင်ခင်း ဒါမှမဟုတ် လွတ်လပ်စွာသွားလာခွင့်တွေအတွက် သူတို့ညှိနှိုင်းဆွေးနွေးလို့ မရပါဘူး။ သူတို့မရောက်ခင်ကတည်းက အိမ်ဆိုတာ ရှိနေပြီးသား၊ စည်းကမ်းတွေလည်း ရေးပြီးသားပါ။


တချို့အတွေးအခေါ်သမားတွေကတော့ သဘောတူညီချက်ဆိုတာ စကားလုံးတွေ အမြဲမလိုပါဘူးလို့ ပြောကြတယ်။ အပြုအမူတွေက သဘောတူညီချက်ကို ပြသနိုင်တယ်လို့ ဆိုကြတယ်။ အိမ်မွေးတိရစ္ဆာန်လေးက ထွက်မပြေးဘူး၊ ပြန်လာတယ်၊ ချစ်ခင်မှုပြတယ်၊ လုပ်နေကျအတိုင်း လုပ်တယ်ဆိုရင် ဒါဟာ သဘောတူညီချက်တမျိုးပဲလို့ ယူဆနိုင်ကောင်း ယူဆနိုင်ပါတယ်။


ဒါပေမဲ့ ဒီငြင်းချက်မှာ အန္တရာယ်တခု ရှိပါတယ်။ လုံးလုံးလျားလျား မှီခိုနေရတဲ့ အခြေအနေအောက်က အပြုအမူတခုဟာ ဘက်မလိုက်တဲ့အဖြေတော့လည်း မဟုတ်ပါဘူး။ အစားအသောက်၊ လုံခြုံရေးနဲ့ အသက်ရှင်သန်ရေးအတွက် တခြားသူအပေါ် မှီခိုနေရတဲ့ သတ္တဝါတကောင်ဟာ အခြေအနေနဲ့ လိုက်လျောညီထွေနေရမှာပါပဲ။ လိုက်လျောညီထွေနေတာဟာ သဘောတူညီတာနဲ့ မတူပါဘူး။ ဒါဟာ ဉာဏ်ရည်ဉာဏ်သွေး ဖြစ်နိုင်တယ်၊ ကြံ့ကြံ့ခံနိုင်စွမ်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ရွေးချယ်စရာလမ်းမရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကို သဘောတူညီချက်လို့ မှားယွင်းကောက်ချက်ချလိုက်တာဟာ အာဏာရှိသူတွေက တဖက်သားရဲ့ ရှင်သန်လိုစိတ်ကို ထောက်ခံချက်ပေးတယ်လို့ ကိုယ့်လိုရာဆွဲပြီး အဓိပ္ပာယ်ကောက်လိုက်တာပါပဲ။


ဒီလို တိတ်ဆိတ်မှုကို အဓိပ္ပာယ်ကောက်ယူတဲ့ ပြဿနာဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး။ လူသားအများစုဟာလည်း ကိုယ်မရွေးချယ်ခဲ့တဲ့၊ အလွယ်တကူ ငြင်းပယ်လို့မရတဲ့ စည်းကမ်းတွေအောက်မှာ နေထိုင်နေကြရပါတယ်။ အိမ်မွေးတိရစ္ဆာန်လေး ဒါမှမဟုတ် လူတယောက်ရဲ့ တိတ်ဆိတ်နေမှုကို "လက်ခံတယ်" လို့ စာရေးသူတို့ အဓိပ္ပာယ်ကောက်လိုက်တဲ့အခါ၊ သူတို့ကိုယ်တိုင် မရေးသားခဲ့တဲ့ အနာဂတ်တခုထဲကို သူတို့ကို တွန်းပို့လိုက်တာ ဖြစ်ပါတယ်။


ဒါကြောင့် တချို့ဒဿနဆရာသမားတွေက သဘောတူညီချက်ကနေ တာဝန်ဝတ္တရားဘက်ကို ဦးလှည့်လာကြတယ်။ အိမ်မွေးတိရစ္ဆာန်လေးရဲ့ ထိခိုက်လွယ်ပြီး တိတ်ဆိတ်နေတဲ့ ရှိနေမှုဟာ စာချုပ်မချုပ်ခင်ကတည်းက အတိုင်းအဆမရှိတဲ့ တာဝန်ယူမှုတခုကို ဖန်တီးပေးနေပါတယ်။ ဒီအမြင်က ခွင့်ပြုချက်ကို အာရုံမစိုက်ဘဲ၊ မရွေးချယ်ရဘဲ ကျရောက်လာတဲ့တာဝန်ဘက်ကို အာရုံပြောင်းစေပါတယ်။


ဒါပေမဲ့ စိစစ်မေးခွန်းထုတ်တာမရှိတဲ့ တာဝန်ယူမှုဟာ အာဏာပိုင်စိုးမှုအဖြစ် အသွင်ပြောင်းသွားနိုင်တာပါပဲ။ ကိုယ်သဘောမတူခဲ့တဲ့တာဝန်တွေ ဘယ်နှခုကို ကိုယ့်ပခုံးမှာ ထမ်းထားကြရသလဲ။ မြန်မာနိုင်ငံသားအားလုံးဟာ ဒါကိုကောင်းကောင်း ခံစားတတ်၊ နားလည်တတ်ကြပါတယ်။ တာဝန်ယူမှုဆိုတာ ဘာလဲဆိုတာကို စိန်ခေါ်မှုမရှိဘဲ တဖက်တည်းကပဲ ဆုံးဖြတ်လိုက်တဲ့အခါ အာဏာက တိတ်တဆိတ် ဝင်ရောက်လာပါတယ်။ အန္တရာယ်က ဂရုစိုက်မှုမှာရှိတာမဟုတ်ဘဲ၊ "သူတို့သာ စကားကောင်းကောင်းပြောတတ်ရင် ဒါကိုပဲ ရွေးချယ်မှာပါ" ဆိုပြီး တဖက်သတ်သိနေတယ်လို့ အထင်နဲ့လုပ်တာပဲ။


ဘာသာစကားက သဘောတူညီချက်ကိုပဲ ခွင့်ပြုတာမဟုတ်ဘဲ၊ ငြင်းပယ်ခြင်းကိုလည်း ခွင့်ပြုပါတယ်။ မေးခွန်းထုတ်ခြင်းနဲ့ ပဋိပက္ခဖြစ်ခြင်းတွေကိုလည်း ခွင့်ပြုပါတယ်။ ဘာသာစကားမရှိတဲ့အခါ ငြင်းပယ်ခြင်းဟာ တခြားပုံစံတွေနဲ့ ထွက်ပေါ်လာရပါတယ်။ ဆုတ်ခွာသွားတာ၊ စိတ်ဖိစီးတာ၊ ရှောင်ဖယ်တာ၊ ခုခံတာမျိုးတွေပေါ့။ ဒီအချက်ပြမှုတွေကို စာရေးသူတို့ လွဲမှားစွာ နားလည်တတ်ကြပါတယ်။ အကျင့်မကောင်းတာ ဒါမှမဟုတ် အသားမကျတာလို့ သတ်မှတ်တတ်ကြတယ်။ ဒါဟာ ယူဆချက်တွေနဲ့ ညစ်ပတ်မှု (Tyranny of Assumptions) ပါပဲ။


ဒါက နောက်ထပ်နေရခက်တဲ့ အတွေးတခုကို ပေါ်လာစေပါတယ်။ လူမှုပဋိညာဉ်ဆိုတာ မညီမျှမှုတွေကို တရားမျှတသယောင်၊ ရွေးချယ်ထားသယောင်ဖြစ်အောင် ပြောနေတဲ့ ပုံပြင်တပုဒ်များ ဖြစ်နေမလား။ လူမှုပဋိညာဉ်ကို ပိုနားလည်တဲ့ နိုင်ငံရေးဆရာ၊ နိုင်ငံရေးကျောင်းသားတွေက ဒါနဲ့ပတ်သက်ရင် ပိုတောင် ရင်တုန်ပါလိမ့်မယ်။ အိမ်မွေးတိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ "အပြန်အလှန်ကယ်တင်ခြင်း" ဆိုတဲ့ ဇာတ်လမ်းအပြောလေးတွေက ဒီတာဝန်ကို ထမ်းဆောင်ပေးနေတယ်ပေါ့။ မညီမျှတာကို ညီမျှသယောင်ဖြစ်အောင်၊ လွှမ်းမိုးချုပ်ကိုင်မှုကို ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးနဲ့ ဖုံးကွယ်ပေးထားတာပါ။


အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဆက်ဆံရေးမှာ တရားဝင်မှုဘယ်လိုဖြစ်လာသလဲဆိုတာ စာရေးသူတို့ မေးခဲပါတယ်။ ချစ်ရင်ပြီးတာပဲလို့ ယူဆကြတယ်။ အချစ်က အရေးကြီးပေမဲ့ အဆင့်အတန်းခွဲခြားမှုကို အလိုလို ပျောက်သွားအောင် မလုပ်နိုင်ပါဘူး။ တကယ်တော့ အချစ်က အဆင့်အတန်းခွဲခြားမှုကို ပိုပြီး မမြင်သာအောင်တောင် လုပ်ပေးနိုင်ပါသေးတယ်။ ချစ်လို့ ဖိရင် ပိုဆိုးတော့တာပါပဲ။


ဒါက ဆက်ဆံရေးဟာ ကိုယ်ကျင့်တရားမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ကျင့်တရားအရ ရှုပ်ထွေးတယ်လို့ ဆိုလိုတာပါ။ ဘာသာစကားမရှိခြင်းက ကိုယ်ကျင့်တရားကို အဆုံးသတ်သွားစေတာမဟုတ်ဘဲ ပိုနက်ရှိုင်းသွားစေပါတယ်။ "အသိပညာပိုင်းဆိုင်ရာ နှိမ့်ချမှု" ကို တောင်းဆိုပါတယ်။ ကိုယ်စောင့်ရှောက်ထားတဲ့ တိတ်ဆိတ်နေတဲ့ သတ္တဝါလေးကို ကိုယ်လုံးဝနားလည်မှုလွဲနိုင်တယ်ဆိုတာကို လက်ခံဖို့ လိုပါတယ်။


ဒါဆိုရင် လူမှုပဋိညာဉ်ဒဏ္ဍာရီရဲ့ အရေးအကြီးဆုံးလုပ်ဆောင်ချက်ဟာ တရားဝင်မှုကို သက်သေပြဖို့မဟုတ်ဘဲ၊ အာဏာရှိသူတွေကို သူတို့ရဲ့အကန့်အသတ်တွေအကြောင်း သတိပေးဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ ပြောင်းတွေးကြပါစို့။ အကောင်းဆုံးအခြေအနေမှာဆိုရင် သဘောတူညီချက်ရှိတယ်ဆိုတဲ့ ဇာတ်လမ်းဟာ အာဏာကို ထိန်းကျောင်းဖို့အတွက် သုံးတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတခုသာ ဖြစ်ပါတယ်။ ဘာသာစကားမရှိတဲ့အခါ ငြင်းပယ်ခြင်းဆိုတဲ့ ထိန်းကျောင်းမှုက အသံတိတ်နေတဲ့အတွက် ဒီသတိပေးချက်က ပိုလို့တောင် လိုအပ်ပါသေးတယ်။


ဒါကြောင့် မေးခွန်းက အဖြေမရှိပါဘူး (တော်တော်များများသော မေးခွန်းတွေလည်း ဒီလိုပဲ အဖြေမရှိပါ)။ ဘာသာစကားမပါဘဲ ပဋိညာဉ်တခု တကယ်ဖြစ်နိုင်ပါသလား။ ဒါမှမဟုတ် ဒါကို စာချုပ်လို့မခေါ်တော့ဘဲ အခြေားအရာတခုအဖြစ် ပြောင်းခေါ်သင့်သလား။ ကြောင်လေး ခွေးလေးတွေကနေ ချဲ့ထွင်စဉ်းစားရင် ကလေးငယ်တွေလို မိမိတို့ကို အပြန်အလှန်ပြောဆိုခြင်း၊ ငြင်းခုံခြင်း မပြုနိုင်တဲ့ အားနည်းသူတွေကို ဘယ်လိုတွေးမလဲ။ သက်ကြီးရွယ်အိုတွေကို ဘယ်လိုဆက်ဆံမလဲ။ လူသားဆန်မှုဟာ ဘာလဲ။ လူတွေက ဘာတွေကို ငြင်းပယ်သလဲ။ လူတွေက ဘာတွေကို မမြင်ချင်ယောင်ဆောင်သလဲ။ သဘောတူညီချက်နောက်ကွယ်မှာ ပုန်းကွယ်မနေနိုင်တဲ့ တာဝန်ယူမှု၊ သံသယတွေနဲ့အတူ ယှဉ်တွဲနေထိုင်ရမယ့် ဂရုစိုက်မှု၊ နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ယူရမယ့် အာဏာပိုင်စိုးမှုတွေက ဘယ်လိုလဲ စသဖြင့်ပေါ့။ အိမ်မွေးတိရစ္ဆာန်လေးရဲ့ ဘာသာစကားနဲ့ ပြန်မပြောနိုင်မှုဟာ စာရေးသူတို့ရဲ့ ယူဆချက်တွေနဲ့ ဖြည့်စွက်ရမယ့် နေရာလွတ်တခုမဟုတ်ပါဘူး။ အဲဒါဟာ စာရေးသူတို့ရဲ့ ကိုယ်ပိုင်သုစရိုက်တွေ အစစ်ဆေးခံရဆုံးနေရာတခုသာ ဖြစ်ပါတော့တယ်။







Comments

Popular posts from this blog

တန်ဖိုးထားမှုများက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာသောအခါ

လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော ...

တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း ၂)

ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...