သစ်ပင်တွေကြီးထွားတယ်။
မြစ်တွေစီးဆင်းတယ်။ ကျောက်တုံးတွေကို လွှတ်ချလိုက်ရင် ကျသွားတယ်။
လေတိုက်သွားတာ မျက်နှာမှာ ခံစားရတယ်။ ဆားအရသာကို လျက်ကြည့်နိုင်တယ်။
မိုးကြိုးသံကို ကြားနိုင်တယ်။ ဒီကမ္ဘာက လက်တွေ့အမှန်ဖြစ်တယ်ဆိုတာ
ရှင်းနေတာပါပဲ။ ဒါပေမယ့် စာရေးသူတို့ မကြာခဏမေ့တတ်တာက ဒီကမ္ဘာကို
တိုက်ရိုက်ထိတွေ့နိုင်တာမဟုတ်ဘူးဆိုတာပါ။ စာရေးသူတို့ရဲ့
"အာရုံခံစားမှုတွေ" ဆိုတဲ့ စစ်ထုတ်စနစ် (ဒါမှမဟုတ်) ဘာသာပြန်မှုကနေတဆင့်ပဲ
သိရှိနိုင်တာဖြစ်တယ်။
စာရေးသူတို့ရဲ့
အာရုံခံစားမှုတွေဟာ အံ့သြစရာကောင်းပေမယ့် ကန့်သတ်ချက်တွေရှိတယ်။
စာရေးသူတို့မျက်လုံးတွေက မြင်နိုင်တဲ့အလင်းရောင်စဉ် (visible spectrum)
ဆိုတဲ့ အလင်းရဲ့သေးငယ်တဲ့အစိတ်အပိုင်းကိုပဲ မြင်နိုင်တယ်။ ဒါက
ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည်နဲ့ အခြားဖြာထွက်မှုတွေပါဝင်တဲ့
ပိုမိုကြီးမားတဲ့အလင်းကမ္ဘာထဲကမှ သေးငယ်တဲ့ အကွာဟလေးတခုပါပဲ။
စာရေးသူတို့နားတွေက ဆင်တွေရဲ့ ပြောနေတဲ့ အနိမ့်သံတွေ၊ လင်းနို့တွေရဲ့
ထုတ်နေတဲ့ အမြင့်သံတွေကို မကြားနိုင်တဲ့ အသံအတိုင်းအတာအရ
သေးငယ်တဲ့အပိုင်းကိုပဲ ကြားနိုင်တယ်။ အရေပြားက
ထိတွေ့မှုကိုခံစားနိုင်ပေမယ့် စာရေးသူတို့ကိုဝန်းရံနေတဲ့
သိမ်မွေ့တဲ့စွမ်းအင်တွေကိုတော့ မခံစားနိုင်ဘူး။ နာကျင်မှုဆိုတာတောင်
လက်တွေ့ဒဏ်ရာထက် စာရေးသူတို့ရဲ့အာရုံကြောတွေနဲ့ ဦးနှောက်က
ဘယ်လိုနားလည်သလဲဆိုတာနဲ့ ပိုသက်ဆိုင်တယ်။ ဒီကမ္ဘာက စာရေးသူတို့
အာရုံခံနိုင်တာထက် ပိုမိုကြွယ်ဝတယ်။
မိုက်ခရိုစကုပ်၊
အပူချိန်တိုင်းကိရိယာ၊ ဂြိုလ်တုတွေလို ကိရိယာတွေနဲ့ စာရေးသူတို့
ပိုမိုနားလည်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်တယ်။ တစိတ်တပိုင်းအားဖြင့်
မှန်ပါတယ်။ ဒါပေမယ့် ဒီကိရိယာတွေကို စာရေးသူတို့က နားလည်ဖို့
ဘာသာပြန်ဖို့လိုအပ်တုန်းပါပဲ။ တယ်လီစကုပ်တလုံးက ကြယ်တပွင့်ကို "မြင်တာ"
မဟုတ်ဘူး။ သူက စာရေးသူတို့ကို ရုပ်ပုံ (ဒါမှမဟုတ်) အချက်ပြမှုတခုပြပြီး
စာရေးသူတို့က ဒါကို အဓိပ္ပါယ်ပြန်ရတယ်။ ရိုးရှင်းတယ်ထင်ရတဲ့ စက်တွေတောင်
လူသားတွေရဲ့အတွေးအခေါ်တွေကို အခြေခံပြီး လူမှုအသိုင်းအဝိုင်းတွေမှာ
အသုံးပြုကြတာပါ။ အပူချိန်တိုင်းကိရိယာက ဂဏန်းတလုံးပြပေးတယ်။ ဒါပေမယ့်
ဒီဂဏန်းရဲ့အဓိပ္ပါယ်၊ ဒါနဲ့ဘာလုပ်မလဲ၊ ဒါကိုဘယ်လိုခံစားရမလဲဆိုတာ
စာရေးသူတို့ရဲ့ယဉ်ကျေးမှုဘဝက သင်ပေးတာပါ။
အပူချိန်ဆိုတာကို
စဉ်းစားကြည့်ရအောင်။ ရိုးရှင်းတဲ့အချက်တခုလို့ ထင်ရမဟုတ်လား။ ပူလား
အေးလား? စာရေးသူတို့က သာမိုမီတာဂဏန်းကိုကြည့်ပြီး အဝတ်အစားရွေးနိုင်တယ်။
ဒါပေမယ့် အပူချိန်ဆိုတာ ကိုင်ထားလို့မရဘူး။ အရောင်မဟုတ်ဘူး။ အသံမဟုတ်ဘူး။
ဒါက အလွန်သေးငယ်တဲ့အမှုန်တွေ ဘယ်လောက်မြန်မြန်ရွေ့လျားနေလဲဆိုတာကို
တိုင်းတာတဲ့နည်းလမ်းတခုပါ။ စာရေးသူတို့မမြင်နိုင်တဲ့အရာတခုကို ဖော်ပြဖို့
ဖန်တီးထားတဲ့ အတွေးအခေါ်တခုပါ။ ပြီးတော့ မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့
အချိန်ကာလတွေမှာ ဒါကို မတူညီတဲ့နည်းလမ်းတွေနဲ့ တိုင်းတာကြတယ်။ ဆဲလ်စီယပ်စ်၊
ဖာရင်ဟိုက်၊ ကယ်လ်ဗင်။ စနစ်တခုစီမှာ လူမှုအသိုင်းအဝိုင်းက သဘောတူညီထားတဲ့
ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ အလွန်သေးတဲ့ အက်တမ်၊ အီလက်ထရွန် အဆင့်မှာ
အပူချိန်ဟာ လူတွေ နားလည်သလို "ပူ" တာ မဟုတ်ဘူး။ "ပူ" တယ်ဆိုတာ လူက
ဘာသာပြန်ထားတာပဲ။ တကယ်က အမှုန်တွေရဲ့ အရွေ့ပဲ။ ဗြိတိန်မှာ
"အခန်းပုံမှန်အပူချိန်"လို့ခေါ်တာက အရှေ့တောင်အာရှမှာ အေးလွန်းတယ်လို့
ခံစားရနိုင်တယ်။ ယဉ်ကျေးမှုတခုမှာ အဖျားရှိတာက အနားယူဖို့လိုတယ်လို့
အဓိပ္ပါယ်ရှိပေမယ့် အခြားတယဉ်ကျေးမှုမှာတော့ ခန္ဓာကိုယ်အတွင်းမှာ
တခုခုမှားယွင်းနေတဲ့လက္ခဏာလို့ မြင်ပြီး ဆေးဖက်ဝင်အပင်တွေနဲ့
အထူးလုပ်ဆောင်မှုတွေ လိုအပ်တယ်လို့ ယူဆနိုင်တယ်။ ခန္ဓာကိုယ်ရဲ့အပူချိန်က
လက်တွေ့ဖြစ်တယ်။ ဒါပေမယ့် ဒါရဲ့အဓိပ္ပါယ်၊
ဒါကိုစာရေးသူတို့ဘယ်လိုနားလည်သလဲ၊ ဒါကိုအခြေခံပြီး စာရေးသူတို့ဘဝတွေကို
ဘယ်လိုနေထိုင်သလဲဆိုတာ၊ ဒါတွေကို လူမှုအသိုင်းအဝိုင်းက
ပုံဖော်ပေးသေးတယ်မဟုတ်လား။
အလေးချိန်ကလည်း
လက်တွေ့အခြေခံသလိုပါပဲ။ ကျောက်တုံးတလုံးကို လွှတ်ချလိုက်ရင် ကျသွားတယ်။
ဆန်အိတ်တအိတ်ကို မလိုက်ရင် လက်တွေ့ပင်ပန်းတယ်။ ဒါပေမယ့် "အလေးချိန်"ဆိုတာ
ဘာလဲ။ ဒါက ဒြပ်ထုအပေါ် မြေဆွဲအားရဲ့ဆွဲအားပဲ။ မြေဆိုရာမှာ
ကမ္ဘာပေါ်မှာတိုင်းတဲ့ အလေးချိန်နဲ့ တခြားဂြိုလ်တွေမှာ တိုင်းလို့ရတဲ့
အလေးချိန် မတူညီဘူး (Mass တူပေမယ့်၊ Weight မတူဘူး)။ အလေးချိန်ဟာ
ကိုယ်တိုင်းနေတဲ့ ပစ္စည်းထက် ကိုယ်တိုင်းနေတဲ့နေရာအပေါ် ပိုမှီခိုတယ်။
မြေဆွဲအားကိုယ်၌က မမြင်ရဘူး။ ဒါက
မြင်မရတဲ့အပြန်အလှန်သက်ရောက်မှုတခုဖြစ်ပြီး သင်္ချာနဲ့ဖော်ပြတယ်၊
မော်ဒယ်တွေနဲ့ ခန့်မှန်းတယ်၊ နှိုင်းယှဉ်မှုတွေသုံးပြီး သင်ကြားတယ်။ ဒါက
လက်တွေ့ဖြစ်တယ်။ ဒါပေမယ့် ဒါကိုနားလည်ပုံက ယဉ်ကျေးမှုဆိုင်ရာသင်္ကေတတွေနဲ့
အတွေးအခေါ်တွေကနေ အမြဲပုံဖော်နေတာပါ။ တချို့အရင်ခေတ်ယဉ်ကျေးမှုတွေမှာ
ကိုယ်အလေးချိန်များတာက ချမ်းသာတဲ့လက္ခဏာလို့ မြင်ကြတယ်။
အခြားယဉ်ကျေးမှုတွေမှာတော့ ပေါ့ပါးတာက စင်ကြယ်မှုရဲ့လက္ခဏာလို့
အဓိပ္ပါယ်ရှိတယ်။ ဒီနေ့ခေတ် ကျန်းမာရေးကို အလေးပေးတဲ့ယဉ်ကျေးမှုတွေမှာ
အလေးချိန်က ကိုယ်ကျင့်တရားဆိုင်ရာအဓိပ္ပါယ်တွေ ပါလာတယ်။ လူတွေကို
ခန္ဓာကိုယ်အလေးချိန်နဲ့ပဲ မကဘဲ ဒီအလေးချိန်က သူတို့ရဲ့အားထုတ်မှု၊ တန်ဖိုး၊
ဒါမှမဟုတ် ဆွဲဆောင်မှုအပေါ် ဘာပြောသလဲဆိုတာနဲ့လည်း အကဲဖြတ်ခံရတယ်။
ကယ်လိုရီတိုင်းစက်ပေါ်က ဂဏန်းတလုံးက ရူပဗေဒသက်သက်မဟုတ်ဘူး။ ဒါက
လူမှုရေးအဓိပ္ပါယ်တွေလည်း ပါဝင်နေတယ်။
ဒြပ်ဆွဲအားဆိုတဲ့
အကြီးမားဆုံးနဲ့ ဓမ္မဓိဋ္ဌာန် အကျဆုံးအားတခုတောင် မတူညီတဲ့နည်းလမ်းတွေနဲ့
နားလည်နိုင်တယ်။ နယူတန်က ဒါကို ဆွဲအားလို့မြင်တယ်။ အိုင်းစတိုင်းက
အာကာသရဲ့ကွေးညွတ်မှုလို့ မြင်တယ်။ ဒီနေ့ခေတ် သိပ္ပံပညာရှင်တချို့က
ကွမ်တမ်ဆွဲအား၊ ကြိုးသီအိုရီ၊ ဒါမှမဟုတ် အခြားအရာတွေကနေ
ပေါ်ထွက်လာတဲ့အားလို့ ပြောကြတယ်။ ပန်းသီးကျတဲ့ပုံက မပြောင်းလဲသေးဘူး။
ဒါပေမယ့် ဘာကြောင့်ကျရတာလဲဆိုတဲ့ စာရေးသူတို့ရဲ့ရှင်းလင်းချက်တွေက
ပြောင်းလဲသွားတယ်။ မြေဆွဲအားက လက်တွေ့ဖြစ်တယ်။ ဒါပေမယ့်
ဒါနဲ့ပတ်သက်တဲ့စာရေးသူတို့ရဲ့အသိပညာက အမြဲပြောင်းလဲနေနိုင်တယ်။ ဒါဟာလည်း
သိပ္ပံရဲ့သဘာဝပဲ ပိုကောင်းတဲ့မော်ဒယ်လ်တွေဖော်ပြဖို့ မရှိသေးခင်
အကောင်းဆုံးလို့ရွေးထားတာကို အသုံးချဖို့ ယုံထားတာ Provisional Truths
တွေပဲ။ ပိုကောင်းတဲ့မော်ဒယ်လ် ဖြစ်လာရင်ပြောင်းရမှာပဲ မဟုတ်လား။
ဒါက
လူမှုအသိုင်းအဝိုင်းအနေနဲ့ အသိပညာတည်ဆောက်ပုံရဲ့ ရိုးရှင်းတဲ့အမှန်တရားပါ။
ဒါက "အားလုံး နတ္ထိ၊ ဘာမှမရှိဘူး"လို့ မဆိုလိုဘူး။ ဒါက စာရေးသူတို့က
ပြောင်းလဲနေတဲ့ အနတ္တအရှိတရားကို အဓိပ္ပါယ်တွေကနေတဆင့်ပဲ နားလည်တယ်၊
အဓိပ္ပါယ်ဆိုတာ စာရေးသူတို့ရဲ့ဘာသာစကား၊ သမိုင်း၊
အတူတူနားလည်ထားတဲ့အရာတွေကနေ အမြဲပုံဖော်နေတယ်လို့ ဆိုလိုတာပါ။
စာရေးသူတို့အပြင်ဘက်မှာ ကမ္ဘာတခုရှိတယ်။ ဒါပေမယ့် စာရေးသူတို့က
နှိုင်းယှဉ်မှုတွေ၊ အမျိုးအစားတွေ၊ သဘောတူညီထားတဲ့အမှန်တရားတွေသုံးပြီး
ဒါနဲ့ဆက်သွယ်တယ်။
ဒါကို
ဘာသာစကားနဲ့ အရှင်းဆုံးမြင်နိုင်တယ်။ ဘာသာစကားက လက်တွေ့ကိုနားလည်ဖို့
စာရေးသူတို့ရဲ့ကိရိယာပါ။ ဒါက ကမ္ဘာကိုဖော်ပြတာပဲမဟုတ်ဘူး။ ဒါက
စာရေးသူတို့မြင်ပုံကိုပါ ပြောင်းလဲစေတယ်။ အီနွိုက်လူမျိုးတွေမှာ နှင်းအတွက်
စကားလုံးများစွာရှိတယ်၊ တခုစီက အနည်းငယ်ကွဲပြားတဲ့နှင်းအမျိုးအစားတွေကို
ဖော်ပြတယ်။ ဂျပန်ဘာသာမှာ "komorebi" ဆိုတဲ့ စကားလုံးရှိတယ်။ အရွက်တွေကနေ
နေရောင်ဖြတ်သန်းဝင်ရောက်တဲ့အလင်းအတွက်ပါ။ အင်္ဂလိပ်လိုဆိုရင်
လှတယ်လို့ပြောနိုင်ပေမယ့် ဒီတိကျတဲ့ခံစားမှုအတွက် စကားလုံးတလုံးမရှိဘူး။
ခံစားမှုက ရှိနေတယ်။ ဒါပေမယ့် စာရေးသူတို့ယဉ်ကျေးမှုက ဒါကို ဒီလောက်အထိ
သတိထားမိဖို့ သင်မပေးဘူး။ ရုရှားလူမျိုးတွေအတွက် အပြာရောင်ဟာ တမျိုးတည်း
မဟုတ်ဘူး။
ဘာသာစကားက
တည်ငြိမ်နေတာမဟုတ်ဘူး။ ဒါက ပြောင်းလဲပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်တယ်။
စကားလုံးအသစ်တွေပေါ်လာပြီး အဟောင်းတွေပျောက်ကွယ်သွားတယ်။ ဥပမာ "cool"
ဆိုတဲ့စကားလုံးက အရင်တုန်းက အပူချိန်ကိုပဲဆိုလိုတယ်၊ အခုတော့
ခေတ်စားတယ်လို့ပါဆိုလိုနိုင်တယ်။ မိုက်တယ်လို့ပြောရင် အရင်က မကောင်းဘူး၊
အခုခေတ်မှာက ကောင်းတယ်လို့ ဆိုလိုလာတယ်။ "Friend" က နာမ်ဖြစ်ခဲ့တယ်၊
အခုတော့ "အွန်လိုင်းမှာ သူမကို friend လုပ်လိုက်တယ်" ဆိုတဲ့
ကြိယာအဖြစ်သုံးနိုင်တယ်။ ဗိုက်ကင်းတွေက အုပ်ချုပ်သူ၊ အင်္ဂလိုဆက်ဆွန်တွေက
လုပ်သားတွေ ဖြစ်ခဲ့တဲ့အတွက် အင်္ဂလိပ်စကားမှာ နွား၊ သိုး၊ ဆိတ်တို့လို
အကောင်တွေကို အင်္ဂလိုဆက်ဆွန်သံနဲ့ Cow, Sheep, Goat လို့ ခေါ်ပြီး
အသားတွေကိုတော့ ဗိုက်ကင်းတွေက Beef, Lamb, Mutton စသည်ဖြင့် ခေါ်တယ်။
မြန်မာမှာ "စားသည်" "အိပ်သည်" "သေသည်" ဆိုတာကို လူတန်းစားအလိုက်ပြောနည်း
များစွာရှိတယ်။ လူတွေရဲ့ လိုအပ်ချက်တွေနဲ့ နည်းပညာပြောင်းလဲတာနဲ့အမျှ
စာရေးသူတို့စကားလုံးတွေကလည်း ကြီးထွားလာတယ်။ ဘာသာစကားပြောင်းလဲတာနဲ့အမျှ
စာရေးသူတို့လက်တွေ့ကိုမြင်ပုံကလည်း ပြောင်းလဲတယ်။
စိတ်ကျန်းမာရေးကို
စဉ်းစားကြည့်ပါ။ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်ကတော့ စိုးရိမ်စိတ်၊
စိတ်ဓာတ်ကျမှု၊ ဒါမှမဟုတ် စိတ်ဒဏ်ရာဆိုတဲ့ စကားလုံးတွေက
နေ့စဉ်စကားပြောမှာမှ မဟုတ်ဘူး။ လူတွေက စိတ်လှုပ်ရှားလွန်းတာ၊ ဝမ်းနည်းတာ၊
ဒါမှမဟုတ် "အာရုံကြောပြဿနာ"တွေအကြောင်း ပြောကြတယ်။ ဒီနေ့ခေတ်မှာတော့
ဒီလက္ခဏာတွေကို ကုသဖို့နည်းလမ်းတွေရှိတယ်။ ကုထုံး၊ ဆေး၊ လူမှုလက်ခံမှု
အမျိုးမျိုးပဲ။ ဒါပေမယ့် ခွဲခြားဆက်ဆံအကဲဖြတ်မှုတွေလည်း ရှိတယ်။ အရင်က
လိင်တူကြိုက်ရင်ဆေးကုရမယ်လို့ ဆရာဝန်တွေတွေးခဲ့ဖူးတယ်။
ခုကျရောဂါမဟုတ်တော့ဘူး။ အရင်က အမျိုးသမီတွေ မဲပေးခွင့်မရှိဘူး။ အခုရှိတယ်။
အရင်က ကျွန်စနစ်မျိုး ဒီနေ့မရှိဘူး။ ဒီအခြေအနေတွေက အရင်ကတည်းက
ရှိနေခဲ့တာဖြစ်နိုင်ပေမယ့် ဒါတွေကိုနားလည်ပုံက မိမိတို့ယဉ်ကျေးမှုက
တည်ဆောက်ပေးတာပါ။
အချိန်ဆိုတာလည်း
ဒီလိုပါပဲ။ စက္ကန့်၊ နာရီ၊ နောက်ဆုံးရက်၊ ပြက္ခဒိန် စသည်ဖြင့်။ ဒါတွေက
လူသားတွေဖန်တီးထားတာတွေပါ။ အသုံးဝင်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့်
သင်နေထိုင်တဲ့နေရာနဲ့အချိန်ပေါ်မူတည်ပြီး အချိန်ဆိုတာ
မတူညီတဲ့ခံစားမှုရှိတယ်။ အနောက်တိုင်းစက်မှုလူ့အဖွဲ့အစည်းတွေမှာ အချိန်ကို
တိုင်းတာ၊ ရောင်းဝယ်၊ ထိရောက်စွာအသုံးချတယ်။
ဌာနေလူမျိုးစုတွေရဲ့ယဉ်ကျေးမှုအများစုမှာတော့ အချိန်က
သဘာဝနဲ့အတူလိုက်သွားတယ်။ ထပ်ကာထပ်ကာဖြစ်နေတယ်၊ ရက်ရောတယ်၊ အတူမျှဝေတယ်။
အချိန်ကို ထိတွေ့လို့မရဘူး၊ ဒါပေမယ့် ဒါက စာရေးသူတို့ဘဝတွေကို
ထိန်းချုပ်ထားတယ်။ စာရေးသူတို့နာရီတွေက လူမှုသဘောတူညီချက်တွေပါ။
သိပ္ပံအရလည်း ကမ္ဘာပေါ်ကနေ အနီးဆုံး ကြယ်တာရာကို အရှိန်တခုနဲ့ ထွက်သွားပြီး
ကမ္ဘာကို ပြန်လာရင် သွားသူက အချိန် နှစ်တရာကြာပေမယ့် ပြန်လာရင် ကမ္ဘာမှာ
နှစ်တသန်းမက ကုန်နေနိုင်တယ်။ အားလုံးအတွက် တူနေတာ မဟုတ်ပါဘူး။ မိမိတို့
အလျင်နဲ့ ဆက်စပ်တယ်။
အသိပညာကို
လူမှုအသိုင်းအဝိုင်းက တည်ဆောက်တယ်လို့ပြောတာက စာရေးသူတို့ ဟာ
အမှန်တရားဆိုတာကို ရှာဖို့မရနိုင်ဘူး၊ လူတွေကို ပယ်ထုတ်ပြီး သစ္စာဓမ္မကို
ရှာလို့မရဘူး၊ မျှော်လင့်ချက်ကင်းတယ် ဒါမှမဟုတ် ဘာမှအရေးမကြီးဘူးလို့
မဆိုလိုဘူး။ ဒါက စာရေးသူတို့ကို အသိတရားအရာမှာ မထောင်လွှားဖို့ပြောတာပါ။
ဒါက ဘယ်အသိပညာမှ အပြည့်အဝမဟုတ်ဘူး၊ အမှန်တရားတိုင်းက
သူ့အခြေအနေပေါ်မူတည်နေတယ်ဆိုတာ သတိပေးတာပါ။ အဓိကစနစ်တွေအပြင်ဘက်က
အခြားသိမှတ်နည်းတွေအတွက် အမြဲနေရာချန်ထားဖို့ ပြောတာပါ။
ဒါက
ပြောင်းလဲမှုအတွက်ကြိုးစားနေသူတွေ၊ ဆရာတွေ၊ သိပ္ပံပညာရှင်တွေ၊
ခေါင်းဆောင်တွေကိုလည်း သတိထားဖို့လိုတယ်လို့ ဆိုလိုတာပါ။ စာရေးသူတို့က
တခုခုသိတယ်လို့ပြောတဲ့အခါ ဒါကိုဘယ်လိုသိလဲ? ဘယ်သူသင်ပေးတာလဲ?
ဘယ်သူ့အသိပညာတွေလွဲနေလဲ? ပိုမိုလူများပါဝင်၊ ပိုမိုမျှတ၊
ပိုမိုပညာရှိစွာနဲ့ အသိပညာအသစ်တွေကို ဘယ်လိုတည်ဆောက်နိုင်မလဲ? ဆိုတာကို
မေးဖို့လိုတယ်။
ဒီအသိနဲ့နေထိုင်တာက
သိပ္ပံနဲ့အချက်အလက်တွေကို လျစ်လျူရှုဖို့မဟုတ်ဘူး။
လူသားတွေရဲ့အနက်ကောက်ယူမှုတွေကနေ အသိပညာတွေအားလုံးရောက်ရှိလာတယ်ဆိုတာ
နားလည်ဖို့ပါ။ စာရေးသူတို့က သမိုင်းအပြင်ဘက်မှာမဟုတ်ဘူး။ စာရေးသူတို့က
သမိုင်းထဲမှာပါ၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အသိုင်းအဝိုင်းတွေက
နက်ရှိုင်းစွာပုံဖော်ထားတာပါ။ ဗဟုသုတဆိုတာ ကျောက်တုံးလေးတွေလိုက်စုသလို
အမှန်တရားတွေကို စာအုပ်တွေ၊ သင်တန်းတွေမှာပဲ လိုက်စုနေရမယ်လို့ မဟုတ်ဘူး။
ပညာဟာ ရေနဲ့ပိုတူတယ်။ ဆက်စပ်နေတယ်။ သိတာတွေကို အစာချေပြီး
ပြန်တွေးခြင်းများများလုပ်ဖို့လိုတယ်။
ပညာဟာ သီးသန့်မဟုတ်ဘူး။ စာရေးသူတို့က လူမှုလောကကြီးကနေ မလွတ်မြောက်နေဘူး။ ဒီလောကထဲမှာ အဓိပ္ပါယ်တွေကို ဖန်တီးနေတာပါပဲ မဟုတ်လား။

Comments
Post a Comment