Skip to main content

ရာဇဝတ်မှုဆိုတာ ဘာလဲ (စကားဝိုင်း - ၁)

ကိုလင်း -
ကဲ... အားလုံးပဲ၊ စကားဝိုင်းလေး စလိုက်ကြရအောင်။ ဒီနေ့ ခေါင်းစဉ်ကတော့ "ရာဇဝတ်မှု" (Crime) ပေါ့။ ရုပ်ရှင်ထဲကလိုမဟုတ်တဲ့ လက်တွေ့နော်။ ကျွန်တော်တို့လည်း စစ်ကောင်စီဘက်ကနေ ပြောထားတာတော့ ရာဇဝတ်သားတွေပဲ။ ကိုယ့်ခေါင်းထဲ ပေါ်လာတာ လွတ်လွတ်လပ်လပ် ပြောကြမယ်။ တရားရုံးတွေလား၊ ငယ်ငယ်က အဆူခံရတာတွေလား၊ မတရားတဲ့ ဥပဒေတွေလား၊ ကိုယ်ကျင့်တရား ပျက်ယွင်းမှုတွေလား... ကြိုက်တာပြော၊ ဝင်ပြောလို့ရတယ်။


မမေ -
ကျွန်မကတော့ Crime ဆိုတာနဲ့ ငယ်ငယ်က မုန့်ထုပ် ခိုးစားတာ သွားသတိရတယ်။ အဲ့သည်မုန့်ထုပ် ကြိုက်လွန်းလို့ မဟုတ်ဘူး၊ လူကြီးလစ်တုန်း လုပ်ချင်ရာလုပ်ရတာ ဘယ်လိုနေလဲ သိချင်လို့။ ဇာတ်သိမ်းကတော့ မလှပါဘူး။ အမေမိသွားပြီး "လူမိုက်ဖြစ်မယ့်ကလေး" ဆိုပြီး တစ်နာရီလောက် တရားဟောခံရတာပဲ။ အဲ့မှာ စိတ်ထဲ စွဲသွားတာက အပြစ်ရှိလို့ ကြောက်တာမဟုတ်ဘဲ အရိုက်ခံရမှာ ကြောက်တာက အရင်ဖြစ်သွားရော။ ကိုယ်ကျင့်တရားဆိုတာ နောက်မှ လိုက်လာတာ။


ကိုသန်း -
ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ... လူကြီးတွေက "ဒါမလုပ်နဲ့" လို့ တားမြစ်ထားတဲ့ စည်းကို ကျော်လိုက်တာနဲ့ လူဆိုးဖြစ်ရော။ ရန်ကုန်မှာ သရက်သီးတလုံး ခိုးရင် သူခိုး၊ စင်ကာပူမှာ ဒေါ်လာသန်းချီ လိမ်ရင်တော့ စီးပွားရေးလုပ်ငန်းရှင်တဲ့။ သရက်သီးခိုးတဲ့ကောင်က ထောင်ကျပြီး ဟိုလူက သင်္ဘောကြီးနဲ့ စိမ်ကျနေတာ။ ဆိုတော့... ရာဇဝတ်မှုဆိုတာ တံဆိပ်ကပ်တာပဲလို့ မြင်တယ်။


မအေး -
ကျွန်မကတော့ "ဘယ်သူက ရာဇဝတ်မှုလို့ သတ်မှတ်တာလဲ" ဆိုတာကို အရင်စဉ်းစားမိတယ်။ ဓလေ့ထုံးတမ်းအရ အပြစ်မရှိပေမဲ့ ဥပဒေအရ အပြစ်ဖြစ်နေတာတွေ ရှိတယ်လေ။ နိုင်ငံတကာဥပဒေတွေကလည်း ဒါတွေကြည့်တယ်။ နိုင်ငံတကာဓလေ့ထုံးတမ်း ဥပတေလည်း ရှိတယ်။ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေကနေ ပေါက်ဖွားလာတဲ့ အဓိက ‘ရာဇဝတ်မှု’ တွေဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးက လက်မခံနိုင်တဲ့ အလွန်ဆိုးရွားတဲ့ ပြစ်မှုကြီးတွေပေါ့၊ ဥပမာ လူမျိုးသုဉ်းးသတ်ဖြတ်မှု (Genocide)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crimes Against Humanity)၊ စစ်ရာဇဝတ်မှု (War Crimes) တွေလိုပေါ့။ ဘယ်ယဉ်ကျေးမှုကမှ လက်မခံနိုင်ဘူးလို့ ပြောတာပေါ့။ 


ကိုသန်း -
အင်း.... နောက်ပြီး အစိုးရကိုယ်တိုင်က ဥပဒေလက်နက်ကိုင်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာတွေ ရှိတယ်။ ဆိုတော့ Crime ဆိုတာက တကယ် နစ်နာမှု ရှိမရှိထက် အာဏာရှိတဲ့သူက သတ်မှတ်တာလို့ပဲ မြင်တယ်။


မမေ -
ခေတ်ကာလကိုလည်း ကြည့်ရမယ်ထင်တယ်။ ၁၉၅၀ တုန်းက ရာဇဝတ်မှု ဖြစ်နေပေမဲ့ ၈၈ ကျတော့ သူရဲကောင်းဖြစ်ချင်ဖြစ်မယ်။ ၂၀၂၄ ကျတော့ ရုံးစာရွက်စာတမ်း ကိစ္စလေးပဲ ဖြစ်ချင်ဖြစ်သွားမယ်။ ဖက်ရှင် ရေစီးကြောင်းလိုပဲ ပြောင်းလဲနေတာ။


ကိုဆန်း -
နောက်တစ်ခုက ဝမ်းရေးအတွက် ကျူးလွန်ရတာမျိုးဗျ။ ကလေးတစ်ယောက် ဗိုက်ဆာလွန်းလို့ မုန့်ခိုးစားမိတာကို လူ့အဖွဲ့အစည်းက နားမလည်ပေးနိုင်ဘဲ အပြစ်ပေးကြတယ်။ နောက်ကျမှ အဲ့ကလေးကိုပဲ အလှူလေးဘာလေး လုပ်ပေးပြီး ကိုယ့်ကိုယ်ကိုယ် သဘောထားကြီးသယောင် လုပ်ကြပြန်ရော။ တကယ်က ကြင်နာတာလား၊ ရက်ရောချင်ယောင်ဆောင်တာလား ဝေခွဲရခက်တယ်။ ရလဒ်ကရော ဘာလဲပေါ့။


ကိုသန်း -
ဟုတ်တယ်၊ ဆိုင်ရှင်ကျတော့လည်း ဆိုင်ရှင်အလျောက် ရုန်းကန်နေရတာဆိုတော့ လူဆိုးဖြစ်ရော။ ဒါပေမယ့် အကြင်နာတရားဆိုတာက ဘာလဲ။ အကုန်လုံးက ကိုယ့်ဘာသာ ဟုတ်နေကြတာပါပဲ၊ ဒါပေမဲ့ မရည်ရွယ်ဘဲ ရက်စက်မိသလို ဖြစ်ဖြစ်သွားကြတာ။


ကိုလင်း -
အတွေးပွားလို့ကောင်းအောင် ဒဿန နှစ်ခုလောက် ဖြည့်စွက်ပေးချင်တယ်။
ပထမတစ်ခုက Durkheim ပြောတာ။ သူက ရာဇဝတ်မှုဆိုတာ ပုံမှန်ပဲတဲ့။ စည်းဘောင်တစ်ခု ရှိတယ်ဆိုတာ သိသာအောင် တယောက်ယောက်က အဲ့စည်းကို ကျော်ပြမှ ရမယ်လေ။ ဒါမှ ကျန်တဲ့လူတွေက "ဪ ဒါလုပ်ရင် ငြိပါလား" ဆိုပြီး လက်ခံနိုင်တဲ့ အနေအထားကို ပြန်ဆန်းစစ်နိုင်မှာ။ တနည်းပြောရင် ရာဇဝတ်သားက အများအကျိုးဆောင်ပေးနေသလိုလိုတောင် ဖြစ်နေတာပေါ့။
ဒါတင်မကဘူး။ လူ့အသိုင်းအဝိုင်းကို ရှေ့တိုးတင်ပေးတဲ့သူတွေအားလုံး ရာဇဝတ်သားလို့ အပြောခံရမယ်။ ဥပမာဗျာ မာတင်လူသာကင်း၊ ဂန္ဓီ၊ ဆုံးအောင်ပြော ဗိုလ်ချုပ်အောင်ဆန်းပေါ့။ သူတို့အားလုံးဟာ အာဏာရှိသူတွေအတွက် ရာဇဝတ်သားတွေမဟုတ်လား။
ဒုတိယတခုက Foucault ပြောတာ။ ခေတ်သစ်ပြစ်ဒဏ်ပေးတယ်ဆိုတာ နစ်နာမှုအတွက် မဟုတ်ဘဲ နာခံတတ်တဲ့ နိုင်ငံသားတွေ ဖြစ်လာအောင် ပုံသွင်းတာတဲ့။ အာဏာရှိတဲ့သူတွေက လူတွေကို ထိန်းချုပ်ဖို့၊ စောင့်ကြည့်ဖို့ သုံးတဲ့ နည်းလမ်းတစ်ခုပေါ့။
ကဲ... ဒီအချက်တွေကို အခြေခံပြီး ဘာဆက်မေးချင်ကြလဲ။


မအေး -
Durkheim ပြောတာကြီးက နည်းနည်း ကြောက်စရာကောင်းတယ်။ စည်းလုံးဖို့အတွက် တယောက်ယောက်ကို အပြစ်ပေးပြရမယ်ဆိုတော့... ဘယ်သူမှ မလွတ်သလို ဖြစ်နေပြီ။ ဒါပေမယ့် သူပြောတာလည်း ဟုတ်တယ်ထင်တယ်။


မမေ -
Foucault ပြောတာကတော့ လက်တွေ့ဆန်တယ်ထင်တယ်။ နိုင်ငံတော်ဆိုတာက တည်ငြိမ်မှုကို လိုချင်တာလေ။ စည်းကျော်တာနဲ့ "ပြုပြင်ရေး" ဆိုပြီး ခေါင်းစဉ်တပ်တော့တာပဲ။ တကယ်တမ်းကျတော့ သူတပါးကို ထိခိုက်လို့ မဟုတ်ဘူး၊ သူတို့အာဏာစက်ကို ထိပါးမှာစိုးလို့ လုပ်တာ။


ကိုသန်း -
ဒါဆို ချုပ်လိုက်ရင် ရာဇဝတ်မှုဆိုတာ ညှိနှိုင်းမှု တခုပေါ့ဗျာ။ ကိုယ်က တခုခုလုပ်မယ်၊ နိုင်ငံတော်က မလုပ်နဲ့ပြောမယ်၊ ကိုယ်က ဇွတ်လုပ်မယ်၊ ထောင်ချမယ်။ နောက်ဆုံးကျမှ ကိုယ်လုပ်တာက ရဲရင့်တာလား၊ မိုက်မဲတာလားဆိုတာ လူထုက ဆုံးဖြတ်ပေးသွားကြတာ။


ကိုဆန်း -
လက်ရှိကမ္ဘာနဲ့ ဖြစ်သင့်တဲ့ကမ္ဘာကြားက အားပြိုင်မှုကို နာမည်တပ်လိုက်တာလို့ပဲ ဆိုရမလား။ အဲ့ဒီ နှစ်ခုကြားမှာ မျှော်လင့်ချက်ရော၊ ဆင်းရဲဒုက္ခရော ရှိနေတာကိုး။


ကိုလင်း -
ဒါဆို မေးခွန်းထုတ်ရမှာက "ရာဇဝတ်မှုဆိုတာ ဘာလဲ" မဟုတ်တော့ဘူး။ "ရာဇဝတ်မှုလို့ ခေါင်းစဉ်တပ်လိုက်ခြင်းအားဖြင့် ဘယ်သူ့အကျိုးစီးပွားကို ကာကွယ်ပေးနေတာလဲ" ဆိုတာ ဖြစ်မလား။ ဒီအလုပ်တခုခုကို ရာဇဝတ်မှုပဲလို့ အာဏာရှင်တွေက ရောင်းကြတာလား။ လူထုအကြိုက်ကို လိုက်ရောင်းတာလား၊ သူတို့အဆင်ပြေမယ့်ဟာကို လိုက်ရောင်းသလား။


ကိုလင်း -
စကားဝိုင်းကို နည်းနည်းလေး ချဲ့ကြည့်ရအောင်။ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ CDM ကိစ္စ၊ နိုင်ငံရေးအရ အာဏာဖီဆန်မှုတွေပေါ့။ တည်ဆဲဥပဒေအရ ကြည့်ရင် CDM လုပ်တဲ့သူတွေ၊ အကုန်လုံးက စစ်တပ်အတွက် ရာဇဝတ်သားတွေပဲ။ ဒေးဗစ်သောရူးတို့ ဂန္ဓီတို့ ဦးဥတ္တမတို့လည်း သူ့ခေတ်အခါ ရာဇဝတ်သားတွေပဲ သမိုင်းစာအုပ်ထဲ မရောက်ခင်မှာ တော်လှန်ရေးသမားတိုင်းက တရားမဝင်ဘူးလို့ သတ်မှတ်ခံရတာချည်းပဲ။ ဒါကို ဘယ်လိုမြင်လဲ။


ကိုသန်း -
သောရူးသာ အခုခေတ် ရှိနေကြည့်ပါလား၊ အင်တာနက်ပေါ်က တဝက်လောက်က အစွန်းရောက်လို့ ပြောကြမှာ။ နောက်တဝက်လောက်ကတော့ ရှိုးလုပ်နေတာလို့ ပြောကြမှာ။ သူပုန်တွေကို အောင်မြင်သွားမှ လူ့အဖွဲ့အစည်းက ချီးကျူးကြတာလေ။


မမေ -
မတရားတဲ့ ဥပဒေကို ချိုးဖောက်ရင်တော့ ရာဇဝတ်သားပဲ။ ဒါပေမဲ့ မေးစရာရှိတာက အဲ့လိုလုပ်လိုက်လို့ မတရားတဲ့ စနစ်ကြီးရှိတယ်ဆိုတာ ပေါ်သွားလားဆိုတာပဲ။ မပေါ်ရင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်တာပဲ အဖတ်တင်မယ်။ ပေါ်သွားရင်တော့ ပြောင်းလဲမှု တခု ဖြစ်ချင်ဖြစ်မှာ။


မအေး -
အစိုးရဆိုတာက "တရားဝင်မှု" ဆိုတာကို သူတို့ပဲ ပိုင်ချင်ကြတာ။ သူတို့ဘောင်ထဲက ထွက်တာနဲ့ ရာဇဝတ်သား ဖြစ်ရော။ CDM က အဲ့ဒီဘောင်ကို ရိုက်ချိုးလိုက်တာဆိုတော့ ရာဇဝတ်မှုလို့ သတ်မှတ်ခံရတာ မဆန်းပါဘူး။


ကိုဆန်း -
နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာက သိက္ခာရှိရှိ ရှင်သန်ခွင့်ရဖို့အတွက် ဘယ်လို "ရာဇဝတ်မှု" မျိုးကို ကိုယ်တိုင် ကျူးလွန်ရဲသလဲ ဆိုတာပဲ။ နာမည်ကြီးဖို့ မဟုတ်ဘူးနော်။ တော်လှန်ရေးတိုင်းက အဲ့မေးခွန်းကို မေးကြတာမဟုတ်လား။


ကိုလင်း -
ဟုတ်တယ်၊ အဲ့ဒါ အခက်ဆုံးမေးခွန်းပဲ။ ဥပဒေ ချိုးဖောက်သင့်လား ဆိုတာထက် ရှေ့ဆက်ဖို့အတွက် ဘယ်လို မတရားတဲ့ စည်းကို ဖောက်ရမလဲ။ ပြီးတော့ "ငါတို့လုပ်တာ မှန်တယ်ကွာ" ဆိုပြီး အကြမ်းဖက်တာမျိုး မဖြစ်အောင် ဘယ်လိုထိန်းမလဲ ဆိုတာတွေပေါ့။


ကဲ... ကဲ... ဒီနေ့ပြောဖြစ်တာ ကောက်ရရင် ရာဇဝတ်မှုဆိုတာ ထိခိုက်နစ်နာမှုသက်သက်၊ ဥပဒေသက်သက် မဟုတ်သလို၊ ပုန်ကန်မှု သက်သက်လည်း မဟုတ်ပြန်ဘူး။ သူတို့ စီစဉ်ပေးထားတဲ့ လောကကြီးကို ငါတို့ လက်ခံမလားလို့ မေးနေတဲ့ ကြေးမုံပြင် တချပ်ပါပဲ။ ကိုယ်လိုချင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ဆိုရင် ကိုယ်ကျူးလွန်မယ့် ရာဇဝတ်မှုကိုလည်း မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်။ ဆိုလိုတာက လောဘ၊ ဒေါသ၊ မောဟ နဲ့ ကိုယ်ကောင်းဖို့ ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးကို ပြောတာမဟုတ်ဘူး။ လူ့အသိုင်းအဝိုင်းကို ရှေ့တွန်းပို့ဖို့ ကိုယ်တိုင်ကထိခိုက်ခံရတာကို လက်ခံပြီး ကျူးလွန်ပြ၊ စနစ်ကို တွန်းလှန်တဲ့ ရာဇဝတ်မှုမျိုးကို ဆိုလိုတယ်။
နောက်တပတ်ကျ ဆက်ရအောင်ဗျ။

Comments

Popular posts from this blog

တန်ဖိုးထားမှုများက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာသောအခါ

လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော ...

တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း ၂)

ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...

တိုက်ပွဲသည် အဆုံးမဲ့ညှစ်ထုတ်ယူရန်မဟုတ်

တော်လှန်တိုက်ပွဲဝင်လှုပ်ရှားမှုများတွင် တွေ့ရတတ်သော အသံမထွက်သည့် ရက်စက်မှုတမျိုး ရှိသည်။ အဲ့ဒါက မိမိတို့ကို ကျားကန်ပေးထားသော "လူ" များ၏ အကန့်အသတ်များကို မေ့လျော့သွားခြင်းပင် ဖြစ်သည်။ အစပိုင်းတွင် တိုက်ပွဲတခုက သတ္တိကို တောင်းဆိုသည်။ ထို့နောက် အချိန်ကို တောင်းဆိုသည်။ ထို့နောက် လုံခြုံမှုအဆုံးခံရန်ကို တောင်းဆိုသည်။ နောက်ဆုံးတွင်၊ အထိန်းအကွပ်မရှိပါက လူပုဂ္ဂိုလ်ကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် တောင်းဆိုလာသည်။ ပါဝင်သူတယောက်အဖြစ် မဟုတ်ဘဲ၊ သယံဇာတအရင်းအမြစ်တခုအဖြစ် တောင်းဆိုလာခြင်းကို ဆိုလိုသည်။ ဒီအချိန်ရောက်လာလျှင် ဘာသာစကားအသုံးအနှုန်းက မသိမသာ ပြောင်းလဲသွားတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းကို "ကတိကဝတ်" ဟု အမည်ပြောင်းခေါ်သည်။ စိတ်ကုန်ခမ်းသွားခြင်းကို "ကိုယ်ကျင့်တရား အားနည်းခြင်း" ဟု တံဆိပ်ကပ်သည်။ အနားယူခြင်းသည် သံသယဖြစ်စရာကောင်းသော ဇိမ်ခံပစ္စည်းတခု ဖြစ်လာသည်။ မတရားမှုက အတိုင်းအဆမရှိ တောင်းဆိုလေ့ရှိသောကြောင့် တရားမျှတမှုမှာလည်း အတိုင်းအဆမရှိသော ဆာလောင်မှု ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ချင်ကြသည်။ ဆိုလိုတာက လူသားတို့သည် တရားမျှတမှုကို အဆုံးမရှိ လိုချင်ကြသည်ဟု တွေးမိတတ်သည်။ သို့...