Skip to main content

လောက၊ ပုံရိပ်နဲ့ အဓိပ္ပာယ်

ကောင်းကင်ယံက တိမ်တိုက်တွေကို မော့ကြည့်ဖူးပါသလား။ လူနှစ်ယောက် ဘေးချင်းယှဉ်ထိုင်ပြီး တိမ်တိုက်တခုတည်းကို ကြည့်နေတယ် ဆိုပါစို့။ တယောက်က "ဟောဒီမှာ ကြည့်စမ်း၊ ယုန်ကလေးတကောင် ပြေးနေသလိုပဲ" လို့ ပြောလိုက်ပေမဲ့၊ နောက်တယောက်ကတော့ "မဟုတ်ဘူးလေ၊ ဒါက သင်္ဘောတစင်း ရွက်လွှင့်နေတာပဲ" လို့ ပြန်ငြင်းကောင်း ငြင်းပါလိမ့်မယ်။ ဒါဆိုရင် အဲဒီတိမ်တိုက်က တကယ်တမ်း ဘာလဲ။ ယုန်လား၊ သင်္ဘောလား။ ဒါမှမဟုတ် ရေငွေ့တွေ စုဖွဲ့နေတဲ့ အစုအဝေး သက်သက်ပဲလား။ စားပွဲပေါ်က ရေတဝက်ထည့်ထားတဲ့ ခွက်ကို ကြည့်ရင်လည်း တချို့က "ရေတဝက် ပြည့်နေတယ်" လို့ မြင်ပြီး၊ တချို့က "ရေတဝက် လျော့နေတယ်" လို့ ခံစားကြတယ်။ အရာဝတ္ထုက တခုတည်းပါပဲ။ ဒါပေမဲ့ စာရေးသူတို့ မြင်ပုံမြင်နည်းက ဘာကြောင့် ကွဲပြားနေရတာလဲ။ ဒီလိုပဲ ပစ္စည်းအမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးကို ကြည့်ကြတဲ့အခါ တူညီစွာကြည့်ပေမယ့် ကွဲပြားစွာမြင်ရတာ ဘာလို့လဲ။

ဒီမေးခွန်းက ရိုးရှင်းသလို ထင်ရပေမဲ့၊ ရာစုနှစ်ပေါင်းများစွာ ဒဿနပညာရှင်တွေကို ခေါင်းစားစေခဲ့တဲ့ "အသိပညာ၏ ဒဿန" (Epistemology) ရဲ့ အခြေခံမေးခွန်းကြီး ဖြစ်ပါတယ်။ စာရေးသူတို့ သိထားတဲ့ အမှန်တရားတွေက လောကကြီးမှာ အရှိအတိုင်း တည်ရှိနေတာလား၊ ဒါမှမဟုတ် စာရေးသူတို့ရဲ့ စိတ်က ဖန်တီးပုံဖော်ထားတာလား။

အပြင်လောက၏ အမှန်တရား (Objectivism)


ရှေးရိုးအစဉ်အလာ သိပ္ပံပညာနဲ့ Objectivism (ဓမ္မဒိဋ္ဌဝါဒ) ရှုထောင့်ကတော့ ရှင်းပါတယ်။ "အမှန်တရားဆိုတာ အပြင်လောကမှာ သီးခြားရှိတယ်။ လူတွေက အဲဒါကို ရှာဖွေတွေ့ရှိ (Discover) လုပ်တာပဲ" လို့ ဆိုကြတယ်။ ဆိုပါစို့။ နယူတန်က ပန်းသီးကြွေတာကို ကြည့်ပြီး မြေဆွဲအားကို တွေ့ရှိခဲ့တယ်ဆိုပါတယ်။ မြေဆွဲအားက နယူတန် မတွေးခင်ကတည်းက ရှိပြီးသားပါ။ လူ့စိတ်နဲ့ မဆိုင်ဘဲ သူ့ဘာသာသူ တည်ရှိနေတဲ့ အရာတခုပေါ့။ ဒီအမြင်အရ စာရေးသူတို့ရဲ့ အသိဉာဏ်ဆိုတာ မှန်တချပ်လိုပါပဲ။ လောကကြီးကို ရှိတဲ့အတိုင်း ထင်ဟပ်ပြနေတယ်လို့ ယူဆကြတယ်။

ဒါက လက်တွေ့ကျသလို ရှိပါတယ်။ မီးပူကို ကိုင်မိရင် ပူတယ်၊ ကျောက်ဆောင်ကို ဝင်တိုက်ရင် နာတယ်။ ဒါတွေက စိတ်ကူးယဉ်တာ မဟုတ်ဘူး၊ လက်တွေ့အရှိတရားတွေပဲ မဟုတ်လား။

စိတ်၏ ပုံဖော်မှု (Constructivism)


ဒါပေမဲ့ ဒီနေရာမှာ မေးခွန်းထုတ်စရာ ပေါ်လာပါတယ်။ ၁၈ ရာစု ဂျာမန်ဒဿနပညာရှင် Immanuel Kant က တော်လှန်သော အတွေးတခုကို တင်ပြခဲ့တယ်။ "စာရေးသူတို့ဟာ လောကကြီးကို ရှိတဲ့အတိုင်း (Things-in-themselves) ဘယ်တော့မှ မမြင်နိုင်ဘူး။ စာရေးသူတို့ရဲ့ ဦးနှောက်က တည်ဆောက်ပေးထားတဲ့ ပုံစံခွက် (Categories) တွေကတဆင့်ပဲ မြင်ရတယ်" လို့ ဆိုပါတယ်။

နမူနာအားဖြင့် စာရေးသူတို့က "အချိန်" နဲ့ "နေရာ" (Time and Space) ဆိုတဲ့ မျက်မှန်ကို တပ်ထားမှ လောကကို နားလည်လို့ ရတယ်။ အဲဒီ မျက်မှန်မရှိရင် ဘာကိုမှ အာရုံခံစားလို့ မရပါဘူး။ အရောင်ဆိုတာ အရာဝတ္ထုမှာ ရှိတာလား၊ ဒါမှမဟုတ် အလင်းလှိုင်းတွေ မျက်လုံးထဲ ဝင်လာတော့ ဦးနှောက်က ဘာသာပြန်လိုက်တာလား။ သိပ္ပံပညာအရဆိုရင် အရောင်ဆိုတာ ဦးနှောက်ရဲ့ ဖန်တီးမှုပါပဲ။

အရှေ့တိုင်း ဒဿနဘက်ကို ကြည့်မယ်ဆိုရင်လည်း မဇ္ဈိမပဋိပဒါ (Madhyamaka) ဗုဒ္ဓဒဿနဂုရု နာဂါယုန (Nagarjuna) က "သဘာဝတရားအားလုံးဟာ ကိုယ်ပိုင်သဘော (သဘာဝ) မရှိဘူး" လို့ ဟောခဲ့ပါတယ်။ အရာရာဟာ အကြောင်းအကျိုး ဆက်စပ်မှု (ပဋိစ္စသမုပ္ပါဒ) ကြောင့်သာ ဖြစ်ပေါ်လာရတာပါ။ "အနီရောင်" ဆိုတာ "အနီမဟုတ်သော အရာများ" ရှိနေလို့သာ ကွဲပြားပြီး သိသာလာတာ ဖြစ်တယ်။ ဆိုလိုတာက စာရေးသူတို့ သိသမျှ အရာအားလုံးဟာ တခုနဲ့တခု ဆက်စပ်ပြီးမှ အဓိပ္ပာယ်ပေါ်လာတာ (Constructed) ဖြစ်တယ်လို့ ဆိုလိုပါတယ်။

ဘာသာစကားနှင့် လူမှုရေး သဘောတူညီချက်များ

ဒီအထိက ရူပဗေဒနဲ့ စိတ်ပညာ သဘောဆန်နေပါလိမ့်မယ်။ ဒါကို လူမှုရေးနယ်ပယ်ထဲ ဆွဲခေါ်ကြည့်ရအောင်။ အရေးကြီးဆုံး ကိရိယာကတော့ "ဘာသာစကား" ပါပဲ။ ဘာသာစကားဆိုတာ အရာဝတ္ထုတွေကို နာမည်တပ်ရုံ သက်သက်မဟုတ်ပါဘူး။ အမှန်တရားကို တည်ဆောက်တဲ့ လက်နက်တခုပါ။

အကောင်းဆုံး ဥပမာကတော့ "ငွေကြေး" (Money) ပါပဲ။ စဉ်းစားကြည့်ပါ။ ၁၀၀၀၀ တန် ငွေစက္ကူတရွက်ဟာ ရူပဗေဒသဘောအရတော့ စက္ကူစုတ် တရွက်ပါပဲ။ မျောက်တကောင်ကို ငွေစက္ကူပေးရင် သူက ငှက်ပျောသီးလောက် တန်ဖိုးထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းတခုလုံးက "ဒီစက္ကူဟာ တန်ဖိုးရှိတယ်" လို့ ယုံကြည်လိုက်ကြတဲ့အခါ (Collective Belief)၊ အဲဒီစက္ကူက လူတွေကို သတ်ဖြတ်စေနိုင်တယ်၊ နိုင်ငံတွေကို တည်ဆောက်စေနိုင်တယ်၊ ဘဝတွေကို ပြောင်းလဲပစ်နိုင်တဲ့ တန်ခိုးအာဏာ ရလာပါတယ်။

ဒါကို Social Construct (လူမှုရေးအရ တည်ဆောက်ထားသော အမှန်တရား) လို့ ခေါ်ပါတယ်။ နိုင်ငံတော်၊ ဥပဒေ၊ ရာထူး၊ ဂုဏ်သိက္ခာ စတာတွေအားလုံးဟာ သဘာဝတရားထဲမှာ အလိုလို ပေါက်ဖွားလာတာ မဟုတ်ပါဘူး။ လူတွေက စုပေါင်းသဘောတူညီပြီး တည်ဆောက်ထားကြတာပါ။ ဒါပေမဲ့ ပြဿနာက စာရေးသူတို့ဟာ ကိုယ်တိုင်တည်ဆောက်ထားတဲ့ အရာတွေကို သဘာဝတရားကြီးလိုပဲ ထင်မှတ်မှားပြီး ပြန်လည် ချည်နှောင်ခံလိုက်ရတာပါပဲ။

မဟာဗျူဟာကျကျ တည်ဆောက်ခြင်း (Strategic Constructivism)

ဒီတော့ လောကကြီးက ဘာအနှစ်သာရမှ မရှိဘူး၊ အရာရာဟာ စိတ်ကူးယဉ်မှုတွေပဲလား (Nihilism) လို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး။

လောကကြီးမှာ မွေးရာပါ အဓိပ္ပာယ် (Inherent Meaning) မရှိတာ မှန်ပါတယ်။ ဒါကို Inherent Absence လို့ ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ စာရေးသူတို့ဟာ လူသားတွေ ဖြစ်တဲ့အတွက် အဓိပ္ပာယ်မရှိဘဲ မနေနိုင်ပါဘူး။ ဒါက ဦးနှောက်ရဲ့အလုပ်ပါပဲ။ ဒါကြောင့် အဓိပ္ပာယ်တွေကို မဟာဗျူဟာကျကျ တည်ဆောက် (Strategically Construct) ရပါမယ်။

ကြည့်ကြပါစို့။ "လူ့အခွင့်အရေး" (Human Rights) ဆိုတာကို ကြည့်ပါ။ ဇီဝဗေဒအရ လူတယောက်ကို ခွဲစိတ်ကြည့်ရင် "အခွင့်အရေး" ဆိုတာ ရှာမတွေ့ပါဘူး။ သဘာဝတရားထဲမှာ ကျားက သမင်ကို စားတာ "အခွင့်အရေး ချိုးဖောက်မှု" မဟုတ်ပါဘူး။ ဒါပေမဲ့ စာရေးသူတို့ လူသားတွေက "လူတိုင်းမှာ မွေးရာပါ ဂုဏ်သိက္ခာနဲ့ အခွင့်အရေး ရှိတယ်" လို့ ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘာကြောင့်လဲ။ အဲဒီလို ယုံကြည်မှသာ စာရေးသူတို့အားလုံး ဘေးကင်းလုံခြုံပြီး တန်ဖိုးရှိတဲ့ ဘဝကို ရနိုင်မှာ ဖြစ်လို့ပါ။

ဒါကြောင့် လူ့အခွင့်အရေးဆိုတာ "ရှိနေပြီးသားကို ရှာတွေ့ခဲ့တဲ့ အမှန်တရား" မဟုတ်ပါဘူး။ လူသားတွေ ကောင်းကျိုးအတွက် “ဖန်တီးထားတဲ့ မဟာဗျူဟာမြောက် ယုံတမ်း” (Strategic Myth) တခုပါ။ ဒါကို အတုအယောင်လို့ သဘောထားပြီး ငြင်းနေတာထက် စာရေးသူတို့ရဲ့ ယဉ်ကျေးမှု အုတ်မြစ်အဖြစ် အလေးအနက်ထားရမှာ ဖြစ်ပါတယ်။

ပုစ္ဆာက ဘာလဲ

စာရေးသူတို့ မြင်နေရတဲ့ လောကကြီးဟာ အသင့်စား ခေါက်ဆွဲထုပ်လို အဆင်သင့် ဖြစ်နေတာ မဟုတ်ပါဘူး။ စာရေးသူတို့ရဲ့ အာရုံခံစားမှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်တွေက နေ့စဉ် ရက်လုပ်နေတဲ့ ပန်းချီကားတချပ် ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အမြင်ကသာ အမှန်ဆုံးလို့ ထင်နေမယ့်အစား၊ "ငါ့ရဲ့ အမှန်တရားက ဘယ်လို တည်ဆောက်ထားတာလဲ"၊ "သူ့ရဲ့ အမှန်တရားကရော ဘယ်လို နောက်ခံသမိုင်းကြောင်းတွေနဲ့ ဖွဲ့စည်းထားတာလဲ" လို့ မေးခွန်းထုတ်ကြည့်ပါ။ အဲဒီလို နားလည်လိုက်တာနဲ့ တဖက်သားကို အပြစ်တင်တာ လျော့နည်းသွားပြီး၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခုကို အတူတကွ ဘယ်လို "တည်ဆောက်" ကြမလဲဆိုတဲ့ လမ်းစ ပေါ်လာပါလိမ့်မယ်။

လောကကြီးက အဓိပ္ပာယ် မရှိဘူးလို့ စိတ်ပျက်မနေပါနဲ့။ အဲဒီ အဓိပ္ပာယ်မဲ့မှုကပဲ သင့်ကို ကိုယ်ပိုင် အဓိပ္ပာယ်တွေ ဖန်တီးခွင့်ပေးထားတဲ့ လွတ်လပ်ခွင့် ဖြစ်နေလို့ပါပဲ။

ဘာအဓိပ္ပာယ်တွေ လောကကြီးထဲမှာ တည်ဆောက်သင့်သလဲ။ ဘယ်လိုတည်ဆောက်သင့်သလဲ။ ကိုယ်တည်ဆောက်ထားတဲ့ အဓိပ္ပာယ်တွေကိုရော ဘယ်လို သဘောထားစေချင်သလဲ။ သူများတွေတည်ဆောက်ထားတဲ့ အဓိပ္ပာယ်တွေကိုရော ဘယ်လိုသဘောထားကြမလဲ။ စုပေါင်းတည်‌ဆောက်ထားတာတွေကို ဘယ်လိုသုံးသပ်ကြမလဲ။

Comments

Popular posts from this blog

ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်မှုကို ဆန့်ကျင်၍ (သို့မဟုတ်) အမှားနှင့်မကင်းသော လူသားများကို ကာကွယ်ခြင်း

  လူသားများသည် အမှားလုပ်တတ်ကြသည်။ ဤသည်မှာ အဆိုးမြင်သော ပြောဆိုချက်မဟုတ်ပါ။ ရှိရင်းစွဲ အခြေအနေကို ဖော်ပြခြင်းသာ ဖြစ်သည်။ အချို့အမှားများသည် သေးငယ်ပြီး မေ့ပစ်နိုင်သော်လည်း၊ အချို့မှာမူ ကြီးလေးပြီး ထိခိုက်နစ်နာစေသည်။ လူများသည် လိမ်ညာတတ်ကြသည်။ အာဏာကို အလွဲသုံးစား လုပ်တတ်ကြသည်။ အဂတိ ဖြစ်မည်။ ယုံကြည်မှုကို သစ္စာဖောက်တတ်ကြသည်။ ဤအချက်ကို ငြင်းပယ်ခြင်းဖြင့် စတင်သော မည်သည့် ကိုယ်ကျင့်တရားဟောပြောချက် သို့မဟုတ် နိုင်ငံရေး အတွေးအခေါ်မဆို မျှော်လင့်ချက် ရှိနေသည် မဟုတ်ပါ။ ကျိုးပဲ့လွယ်နေခြင်းသာ ဖြစ်သည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ ယဉ်ကျေးမှုများ (အထူးသဖြင့် နိုင်ငံရေးနှင့် တက်ကြွလှုပ်ရှားမှု နယ်ပယ်များ) တွင် လူ့သဘာဝ၏ ဆန့်ကျင်ဘက်ကို ဘက်ယူဟောပြော ယူဆထားလေ့ ရှိသည်။ တဖက်တွင် လူကောင်းများ ရှိပြီး၊ အခြားတဖက်တွင် လူဆိုးများ ရှိသည်ဟု စိတ်ကူးကြသည်။ သန့်ရှင်းစင်ကြယ်မှု (Purity)၊ ရှေ့နောက်ညီညွတ်မှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သန့်ရှင်းမှုတို့ကို ရှာဖွေကြသည်။ ကျရှုံးမှု ပေါ်လာသောအခါ ထိတ်လန့်သွားကြသည်။ ထို့နောက် ဒေါသထွက်ကြသည်။ ထို့နောက် ဖယ်ထုတ်ပစ်လိုက်ကြသည်။ ပြီးတော့ ထိုသံသရာကို ဆက်လှည့်ကြသည်။ ဤစာသည် ကွဲပြား...

တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း ၂)

ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...

လေးနက်ယောင်ဆောင်ကြသူများ

အာဏာရှင်စနစ်တွေက သူတို့ကိုယ်သူတို့ ဘယ်လိုပြသလဲဆိုတဲ့အပေါ်မှာ သိပ်သတိထားကြပါတယ်။ သူတို့ကိုယ်သူတို့ ရက်စက်တယ်၊ ကြောက်တတ်တယ်၊ ချုပ်ကိုင်လွန်းတယ်လို့ ပြောခဲပါတယ်။ အဲဒီအစား သူတို့က ပိုပြီး လေးစားစရာကောင်းတဲ့ ပုံရိပ်တခုကို ရွေးချယ်ကြပါတယ်။ အဲ့ဒါကတော့ သူတို့က သူတို့ကိုယ်သူတို့ "လေးနက်သူတွေ" (Serious) လို့ သမုတ်ကြတာပါ။ "လေးနက်တယ်" ဆိုတာ တာဝန်သိတဲ့ပုံ ပေါက်ပါတယ်။ ရင့်ကျက်မှု၊ လက်တွေ့ကျမှုနဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ညွှန်းဆိုပါတယ်။ ကမ္ဘာကြီး ဘယ်လိုလည်ပတ်နေသလဲဆိုတာကို ကောင်းကောင်းနားလည်တဲ့ လူကြီးလူကောင်းတွေကပဲ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေသယောင် ထင်ရစေပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ကို ဝေဖန်သူတွေကိုကျတော့ နုံအသူတွေ၊ စိတ်ခံစားချက် ဦးစားပေးသူတွေ၊ စိတ်ကူးယဉ်သမားတွေ (သို့) တာဝန်မဲ့သူတွေအဖြစ် ပုံဖော်လေ့ရှိပါတယ်။ ဒီလို ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ နိုင်ငံရေး မဟာဗျူဟာ တခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးနက်သူလို့ ပြောတာဟာ လက်တွေ့ဘဝအမှန်တရား (Reality) ကို သူတို့ပဲ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားကြောင်း ကြေညာလိုက်တာတမျိုးပါပဲ။ အာဏာရှင်ဆန်တဲ့ တည်ဆောက်ပုံ...